ဆီဆိုင် ၁၁ ဧပြီ

 

Covid-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ မဟာသင်္ကြန်ကာလတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် အခြေခံစားသောက်ကုန်(၅)မျိုးဖြစ်သည့် ဆန်(၈)ပြည်၊ ဆား(၅၀)ကျပ်သား၊ ပဲတစ်ပိဿာ၊ ဆီ(၅၀)ကျပ်သားနှင့် ကြက်သွန်နီတစ်ပိဿာတို့ကို ဖြန့်ဝေပေးလျက်ရှိရာ ဧပြီ ၁၁ ရက် မွန်းလွဲ ၃ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ကောင်တရိုးကျေးရွာရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုများထံသို့ အိမ်တိုင်ရာအရောက် ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့သည်။

 

ထိုသို့ ထောက်ပံ့ပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယဦးစီးမှူးနှင့် တာဝန်ရှိသူများက ကောင်တရိုးကျေးရွာရှိ ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စု(၂၂)စုအတွက် အိမ်တိုင်ရာအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခေတ်အဆက်ဆက်က ကျွန်တော်တို့ဒေသက ပြည်သူတွေက ပေးတာပဲရှိတယ်။ အခုမှပဲ ပြည်သူတွေက ပြန်လည်ခံစားရတယ်ဟု နောင်ကျောကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်နိုင်က ပြောသည်။ ဆက်လက်ပြီး ၎င်းက အရေးပေါ်ကိစ္စနှင့် ပတ်သက်တိုင်း နိုင်ငံအတွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေ၊ သူဌေးတွေ ဒီလိုတိုင်းပြည်ရဲ့ အရေးပေါ်ကိစ္စမှာ ပူးပေါင်းပေးဖို့ လိုအပ်တယ်ဟု ဆက်ပြောသည်။

 

ဆီဆိုင်မြို့နယ်အတွင်း ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၃)အုပ်စုရှိပြီး ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၂၆၄၁ စုရှိပြီး ကျန်ရှိနေသေးသည့် အိမ်ထောင်စုများကိုလည်း ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)