လှည်းကူး၊ ၁၀ ဒီဇင်ဘာ
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရရှိသော အခြေခံလူတန်းစား အိမ်ထောင်စုစာရင်းမှန်ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံလူတန်းစားများအား ထောက်ပံ့ပေးနိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် တင်ပြ ခဲ့သော အခြေခံအိမ်ထောင်စုများစာရင်းအား မြို့နယ်အနေဖြင့် စိစစ်ခဲ့ရာ ပထမအကြိမ် အခြေခံ စားသောက်ကုန်ပစ္စည်း (၅)မျိုးဖြင့် အိမ်ထောင်စု(၁၂၆၁၁)စု၊ ဒုတိယအကြိမ် တစ်အိမ်ထောင်လျှင် ကျပ် (၁၅၀၀၀)နှုန်းဖြင့် အိမ်ထောင်စု (၇၇၄၉)စု၊ ဆက်လက်၍ အိမ်ထောင်စု(၂၀၃၆၀) အား တစ်အိမ်ထောင်လျှင် ကျပ် (၂၀၀၀၀)နှုန်းဖြင့် (၃)ကြိမ် ထောက်ပံ့ပေးခဲ့သည်။
ထပ်မံ၍ အိမ်ထောင်စု (၄၄၁၇၅)စုအား တစ်အိမ်ထောင်လျှင် ကျပ် (၄၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ကြောင်း၊ လှည်းကူး မြို့နယ်အတွင်း အိမ်ထောင်စု(၇၂၂၉၆)စုရှိရာ ထောက်ပံ့ကြေး ကျပ် (၄၀၀၀၀) ရရှိပြီးသော အခြေခံလူတန်းစားအိမ်ထောင်စု (၄၄၁၇၅)စုနှင့် ထောက်ပံ့ကြေး ကျပ် (၄၀၀၀၀) မရရှိ သဖြင့် ထပ်မံတင်ပြထားသော အိမ်ထောင်စု(၂၆၃၈၃)စုအပါအဝင် စုစုပေါင်း အခြေခံလူတန်းစား အိမ်ထောင်စု (၇၀၅၅၈)စုရှိရာ လှည်းကူးမြို့နယ်အတွင်း အိမ်ထောင်စု စုစုပေါင်း ၉၇ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ ဆက်လက်၍ ပုံမှန်ဝင်ငွေမရရှိသော အခြေခံလူတန်းစားများအား ထောက်ပံ့ငွေများပေးအပ် နိုင်ရေးအတွက် သတ်မှတ်ထားသော အခြေခံလူတန်းစား အချက်အလက်များနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေး မှူးများမှ သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)


