ကလိန်အောင် ၈ အောက်တိုဘာ

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ဒေသတွင် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားရေးအဖြစ် အဓိကလုပ်ကိုင်လျက်ရှိရာ ရာသီပေါ်ဒေသထွက် စားသောက်ကုန်တစ်ခုဖြစ်သည့် မျှစ်ချဉ်လုပ်ငန်းမှလည်း ပုံမှန်ဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း အဆိုပါ လုပ်ငန်းလုပ်ကိုင် နေသူထံမှ သိရသည်။

 

ကလိန်အောင်မြို့ဒေသ၌ မိုးရာသီကာလ မျှစ်ပေါ်ချိန်တွင် မျှစ်ချိုးရောင်းချနေသူများထံမှ တဆင့်ပြန်လည်၍ မျှစ်(ကုန်ကြမ်း)များကို ဝယ်ယူကာ မျှစ်ချဉ် (ကုန်ချော)အဖြစ် ဈေးကွက် အတွင်းသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။

 

ကလိန်အောင်မြို့ ဒေသတွင် ဝါးပိုးမျှစ်၊ မဲနယ်မျှစ်၊ ကျစ်ခတ်မျှစ်၊ ပြင်မျှစ်၊ဝါးယားမျှစ်၊ တစ်ပင်တိုင်မျှစ် ဟူ၍ အမျိုးအစားရှိပြီး မျှစ်ချဉ်ထည့်ရာတွင် အများဆုံးအသုံးပြုတဲ့မျှစ်မှာ ပြင်မျှစ်ဖြစ်ကြောင်း ကလိန်အောင်မြို့ရှိ မျှစ်ချဉ်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

 

"မျှစ်ချဉ်ကတော့ ဒီဒေသရဲ့ အစားသောက်ထွက်ကုန်တစ်ခုဖြစ်တဲ့အတွက် ပုံမှန်တော့ ရောင်းရပါတယ်၊ အချိန်ကာလအပေါ်မှုတည်ပြီး ရောင်းအားနည်းတာနဲ့ များတာပဲကွာပါတယ်၊ ပွင့်လင်းရာသီအချိန်ကျရင်တော့ ခရီးသွားပြည်သူများလာပြီး အိမ်ပြန်အမှတ်တရ လက်ဆောင်ပစ္စည်းအဖြစ် ဝယ်ယူတာကြောင့် ပိုမိုရောင်းချရတယ်ဟု မျှစ်ချဉ်ရောင်းချနေသူ တစ်ဦးက ပြောသည်။

 

အဆိုပါ မျှစ်ချဉ်ထည့်ရာတွင် မျှစ်(ကုန်ကြမ်း) ဈေးနှုန်းတစ်ပိဿာကို ငွေ ၄၀ဝ ကျပ်နှုန်းဖြင့် ဝယ်ယူရပြီး မျှစ်ချဉ်(ကုန်ချော)တစ်ပိဿာ တစ်ထုပ်ကို ငွေ ၁၀ဝ၀ ကျပ်နှုန်းဖြင့် ပြန်လည်ရောင်းချရသည်။

 

ကလိန်အောင်မြို့၏ မျှစ်ချဉ်အဖြစ် အမည်တွင်ပြီး လူကြိုက်များလာတာနှင့် ပတ်သက်၍ ခရီးသွားဧည့်သည်တစ်ဦးကလည်း အခုလိုပြောသည်။

 

မျှစ်ချဉ်က ပျဉ်မနားကလဲ ထွက်ပါတယ်၊ ဒါပေမယ့် ကလိန်အောင်ဒေသက ထွက်တဲ့မျှစ်ချဉ်က နုနုအိအိလေး၊ စားရတာလည်း အရသာကောင်းတယ်၊ ဒါကြောင့် အိမ်ကိုပြန်တိုင်း ကလိန်အောင်မျှစ်ချဉ်ကို အမြဲဝယ်ဖြစ်ပါတယ်" ဟု ပြောသည်။

 

ကလိန်အောင်မြို့ဒေသ၏ ထွက်ရှိသော မျှစ်ချဉ်များကို ထမင်းဆိုင်များနှင့် ကားဂိတ် ဆိုင်တန်းများတို့တွင် ရောင်းချလျက်ရှိပြီး ထားဝယ်မြို့သို့လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

 

ကလိန်အောင်(ပြန်/ဆက်)