နေပြည်တော် ၁၇ ဇန်နဝါရီ
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောဒေသများရှိ ပြည်သူများ လူမှုဘဝတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်မှ ရရှိသုံးစွဲနိုင်ရေး ၆၆ ကေဗွီ ပုဏ္ဏားကျွန်း- ရသေ့တောင်- ဘူးသီးတောင်- မောင်တော ဓာတ်အားလိုင်း ၆၄ ဒသမ ၃၁ မိုင်နှင့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံများ တည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် ပုဏ္ဏားကျွန်း-မောင်တော ဓာတ်အားလိုင်းများ တည်ဆောက်ပြီးစီးသည့်အတွက် ပုဏ္ဏားကျွန်းမြို့မှ မောင်တောမြို့အထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက် (၁/၂၀၁၉)အရ သိရသည်။
၆၆ ကေဗွီ ပုဏ္ဏားကျွန်း-ရသေ့တောင် ဓာတ်အားလိုင်း ၂၂ ဒသမ ၂၁ မိုင်၊ ပုဏ္ဏားကျွန်း ဓာတ်အားခွဲရုံ တိုးချဲ့တည်ဆောက်ခြင်းနှင့် ၆၆/၁၁ ကေဗွီ ရသေ့တောင်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းများပြီးစီး၍ ၂၀၁၈ ခုနှစ် မတ်လ ၁၅ ရက်မှစတင်၍ ရသေ့တောင် ဓာတ်အားခွဲရုံမှ ရသေ့တောင်မြို့ပေါ်ရှိ အိမ်ထောင်စုပေါင်း (၁၅၃၀) စုကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် ရသေ့တောင်-ဘူးသီးတောင် ဓာတ်အားလိုင်း ၃၃ မိုင်နှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဘူးသီးတောင် ဓာတ်အားခွဲရုံတည် ဆောက်ခြင်းလုပ်ငန်းများပြီးစီး၍ ဘူးသီးတောင်မြို့ပေါ်ရှိ အိမ်ထောင်စုပေါင်း (၃၃၇၄)စုကိုလည်းကောင်း နိုင်ငံတော်ဓာတ်အားစနစ်မှ (၂၄)နာရီ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်သည်။
အလားတူ ၆၆ ကေဗွီ ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်း ၉ ဒသမ ၁ မိုင်နှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ မောင်တောဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီး၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်တွင် မောင်တောမြို့ပေါ်သို့ ဓာတ်အားစတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးပေးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကာ ပုဏ္ဏားကျွန်းမြို့မှ မောင်တောမြို့အထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်သည်။
အဆိုပါ ၆၆ ကေဗွီ ပုဏ္ဏားကျွန်း- ရသေ့တောင်- ဘူးသီးတောင်- မောင်တော ဓာတ်အားလိုင်း ၆၄ ဒသမ ၃၁ မိုင်နှင့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံများ တည်ဆောက်ရေးစီမံကိန်းကို စီမံကိန်းလက်ကျန်ပစ္စည်းများဖြင့် ဆောင်ရွက်ခဲ့ပြီး ကုန်ကျစရိတ်မှာ ငွေကျပ် ၂၀ ဘီလီယံခန့်ရှိကြောင်း အဆိုပါ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။
မျိုးသူဟိန်း