နေပြည်တော် ၁၂ ဇွန်
ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်စျေးအနီး လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များကို ရန်မူလာသည့် မသင်္ကာဖွယ်လူတစ်ဦးအား ဓား၊ ဒေသန္တရမိုင်း တစ်လုံးတို့နှင့်အတူ အသေပစ်ခတ် ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်စျေးအတွင်း၌ ယမန်နေ့ နံနက်ပိုင်းက နယ်မြေခံတပ်မှ အရာရှိတစ်ဦးနှင့် စစ်သည်တစ်ဦးတို့သည် အရပ်ဝတ်များဖြင့် စျေးဝယ်နေစဉ် အမျိုးသား ၈ ဦးခန့် က ဓား၊ သံတုတ်များဖြင့် အကြောင်းမဲ့ဝိုင်းဝန်း ထိုးနှက်ရိုက်ပုတ်ရာ အရာရှိမှာ နေရာတွင်ပင် သတိမေ့လဲလျက် စစ်သည်အား ဆိုင်ကယ်ဖြင့် အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပုဏ္ဏားကျွန်းမြို့နှင့် အနီးတစ်ဝိုက်အား လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း။
ထိုသို့ဆောင်ရွက်လျက်ရှိစဉ် မြို့သစ်စျေးအနီး၊ စျေးလမ်းဆုံနေရာ၌ လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များထံသို့ နံနက် ၁၁ နာရီ မိနစ် ၄ဝ ခန့်တွင် ဓားမြောင်ကိုင် ဆောင်ထားသော မသင်္ကာဖွယ်အမျိုးသားတစ်ဦးသည် ရန်မူတိုက်ခိုက်လိုသည့် အပြုအမူဖြင့် ချဉ်းကပ်လာသဖြင့် အော်ဟစ်တားဆီးရပ်တန့်စေသော်လည်း ရပ်တန့်ခြင်းမရှိဘဲ ရှေ့ဆက်တိုးလာသောကြောင့် ၎င်းအမျိုးသား၏ ခန္ဓာကိုယ်အောက်ပိုင်းသို့ သတိပေးခြောက်လှန့်ပစ်ခတ်ခဲ့ရာ ခြေထောက်တွင် ကျည်ဆံထိမှန်ပြီး လဲကျစဉ် ထပ်မံပစ်ခတ်ခဲ့သည့် ကျည်ဆံကြောင့် ခန္ဓာကိုယ်ပိုင်းသို့ ထပ်မံထိမှန်ခဲ့ကာ သေဆုံးသွားခဲ့ကြောင်း။
အဆိုပါ သေဆုံးသူအား စစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ အမြင့် ၆ လက်မ၊ အချင်း ၈ လက်မခန့်ရှိ ကွန်ကြူပိုက်ဖြင့် ပြုလုပ်ထားသော ဒေသန္တရ မိုင်းတစ်လုံးအပါအဝင် မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ကွန်ကြူပိုက်အမြောက်အမြားအား ကျောပိုးအိတ်နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်း ပေးခဲ့ကြောင်း ဖော်ပြထားသည်။
(သတင်းစဉ်)


