ပုဏ္ဏားကျွန်း   နိုဝင်ဘာ   ၁၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရား ရင်ပြင်တော်၌ နိုဝင်ဘာ ၁၈ ရက် နံနက် ၇ နာရီက ရခိုင်လူမျိုးတို့၏ ခေတ်လေးခေတ်ကို ပုံဖော်၍ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦးခေတ် ဝတ်စုံများ ဝတ်ဆင်ကာ ရခိုင်မင်္ဂလာစည်တော် အတီး၊ အမှုတ်စုံလင်စွာဖြင့် ရခိုင့်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာ အတိုင်း ပဉ္စမအကြိမ်မြောက်  ရခိုင်ရိုးရာသင်ပုတ်ဆွမ်းတင် ပူဇော်ပွဲကို ကျင်းပခဲ့သည်။

ရခိုင်ရိုးရာ သင်ပုတ်ဆွမ်းတင် ပူဇော်ပွဲကို PNG Development You Organization  အသင်းက ဦးဆောင်၍  ရက္ခိတမင်္ဂလာစည်တော်အဖွဲ့နှင့် ရခိုင်၊ ခမီ၊ မြို တိုင်းရင်းသားလူငယ်၊ မောင်မယ်များက ရိုးရာယဉ်ကျေးမှု ဝတ်စားဆင်ယင်မှုတို့ဖြင့် ထမင်းထောင်၊ ပန်းထောင်၊ ဆီမီးထောင်များနှင့်အတူ ရခိုင်မင်္ဂလာစည်တော်များ၊ ရခိုင်တူရိယာများဖြစ်သော ခရုသွင်၊ ဒူမောင်း၊ လင်းခွက်ခရာများ အတီးအမှုတ်စုံလင်စွာဖြင့် နံနက် ၅ နာရီက စံပြရပ်ကွက်၊ PDYO လူငယ်အသင်းရုံးမှ စတင်ကာ သာယာလမ်း၊ အောင်သိဒ္ဒိလမ်းများအတိုင်း  စီတန်းလှည့်လည်ပူဇော်ကြပြီး ဦးရာဇ်တော်ဘုရားတောင်ပေါ်သို့ တပျော်တပါး တက်ရောက် ပူဇော်ခဲ့ကြသည်။

ရခိုင်ရိုးရာ သင်ပုတ်ဆွမ်းကို ရှေးရခိုင်ဘုရင်မင်းလက်ထက်က ထမင်းထောင်၊ ပန်းထောင်၊ ဆီမီးထောင် တို့ဖြင့် သီတင်းကျွတ်လပြည့်နေ့နှင့် တန်ဆောင်မုန်းလပြည့်နေ့များတွင် ကောက်သစ်ဆန်ကို ဗုဒ္ဓမြတ်စွာ ဘုရားရှင်အား ဦးဦးဖျားဖျား ပူဇော်ကြသည့် ရွာလုံးကျွတ် ကန်တော့ပွဲ ဖြစ်သည်။ ကောက်ဦးထမင်းကို ကန်တော့ပုံ သွတ်သွင်းပြီး ခရုချွန်ပုံဖြစ်လာအောင် ကန်တော့ပုံ သင်ပုတ်ဆွမ်း ၃၃ ခုနှင့် ဆွမ်းထမင်းကို စေတီပုံအဖြစ် နယ်နှိပ်ကာ ဗန်းအလယ်၌ စိုက်ထူ၍ ဘရားကျောင်းကန် ပုထိုးများ၌ တပျော်တပါး ကုသိုလ်ဒါနပြုကြသော သင်ပုတ်ဆွမ်း (ခေါ်) ထမင်းထောင်၊ ပန်းထောင် ကောက်ဦးဆွမ်းဟုလည်း ခေါ်ဆိုခဲ့ကြကြောင်း စာရေးဆရာ ပဂျီးကျော်(စစ်တွေ)၏ ပြောကြားချက်အရသိရသည်။

ညပိုင်းတွင်လည်း ဦးရာဇ်တော်ဘုရား ရင်ပြင်တော်၌  ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်ပူဇော်ပွဲနှင့် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်၊ ကင်းလမ်းမတစ်လျှောက်၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့်အတူ  ရခိုင်၊ ခမီ၊ မြို တိုင်းရင်းသားတို့၏  ရခိုင်ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီးများဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)