ပုဏ္ဏားကျွန်းမြို့၌ အမျိုးသား (၁) ဦးအား မတရားအသင်းအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူ

နေပြည်တော် ၁၀  ဖေဖော်ဝါရီ 

 

ပုဏ္ဏားကျွန်းမြို့၌ ရဲတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားသွားလာမှုအား လုံခြုံရေးကျိုးပေါက် စေရန်အကြံဖြင့်လည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်း(သို့)မတရားအသင်းအဖွဲ့အစည်း တစ်ခုခုအား သိရှိနိုင်စေရန်ရည်ရွယ်၍လည်းကောင်း လူမှုကွန်ရက်တွင် ရေးသားဖော်ပြသူ  အကောင့်ပိုင်ရှင်အား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 

 

ဖေဖော်ဝါရီ ၇ ရက် ည ၈ နာရီခွဲခန့်တွင် ဇော်ဝင်းနိုင် (ဘ)ဦးလှအောင်သာ၊ ရွာဟောင်းရပ်ကွက်၊ ပုဏ္ဏားကျွန်းမြို့နေသူမှ Ko Zaw Win Naing အကောင့်အမည်ဖြင့် ၎င်း၏လူမှုကွန်ရက်၌ စစ်တွေမှ မြောက်ဦးဘက်သို့ ထွက်ခွါလာသော ရဲတပ်ဖွဲ့၏ လုံခြုံရေးယာဉ်တန်းအား ဗွီဒီယိုမှတ်တမ်းရိုက်ကူး၍ "စစ်တွေဘက်မှ ရဲကားအစီး ၂၀ ဝန်းကျင် ကျောက်တော်ဘက်သို့ လားခဲ့ပါရေ၊ ကားတင်လက်နက်အပြည့်အစုံနဲ့ ဖြစ်ပါရေ-အရေးကြီးပါရေ"ဟု ရေးသားဖော်ပြခဲ့မှုအပေါ် တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားသွားလာမှုအား လုံခြုံရေးကျိုးပေါက်စေရန် အကြံဖြင့်လည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်း(သို့) မတရား အသင်းအဖွဲ့အစည်းတစ်ခုခုအား သိရှိနိုင်စေရန်ရည်ရွယ်၍လည်းကောင်း ရေးသားဖော်ပြခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဇော်ဝင်းနိုင်အား ပုဏ္ဏားကျွန်းမြို့မရဲစခန်းက မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 

(သတင်းစဉ်)