ပုဏ္ဏားကျွန်း မေ ၂၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မိုခါမုန်တိုင်းဘေးဒဏ် ခံရသည့် ဒေသခံပြည်သူများကို စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးနှင့် စစ်တွေမြို့ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးပညာဦးစီးဌာနတို့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေးခြင်းတို့ကို မေ ၂၁ ရက် နံနက်ပိုင်း က ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်ရှိ မြို့မဘုန်းတော်ကြီးကျောင်းတွင် အခမဲ့ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာပေးရာတွင် စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ ခင်ခင်ဇော် ဦးဆောင်သည့် အထူးကုသမားတော်ကြီးများနှင့် သူနာပြုများပါဝင်သောအဖွဲ့သည် မျက်စိ၊ နား၊ လည်ချောင်း ရောဂါ၊ ကလေးရောဂါ၊ ခွဲစိတ်ကုသမှုရောဂါ၊ မီးယပ်ရောဂါ၊ စိတ်ကျန်းမာရေးနှင့် အထွေထွေရောဂါ ဝေဒနာရှင်များအား ရောဂါရှာဖွေစမ်းသပ်မှုများ ဆောင်ရွက်ပေးပြီး လိုအပ်သည့်ဆေးဝါးများဖြင့် အခမဲ့ ကုသပေးကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက လိုသည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့သည်။
နီထွန်းအောင်(ပြန်/ဆက်)