စစ်တွေ ၃၁ ဇန်နဝါရီ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် မြို့နယ်အတွင်းကျေးရွာ (၉)ရွာတွင် ရေပေးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ လုပ်ငန်းဆောင်ရွက်နေမှုအား စစ်တွေခရိုင် ကျေးလက်ဦးစီးမှူး ဦးစောဝေ၊ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးကျော်သန့်ဇင်နှင့် ခရိုင်၊ မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာ(၉) ရွာတွင် ကျေးလက်ရေပေးရေးလုပ်ငန်း (၁၀) ခုကို ပြည်ထောင်စုခွင့်ပြုငွေ ၉၀ ဒသမ ၅၀၀ သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ပန်းနီလာကျေးရွာ၊ နားဋောင်းကျေးရွာ၊ စပါးထားကျေးရွာ၊ ကျွဲထိုးကျေးရွာနှင့် ဝက်နှုတ်သီးကျေးရွာတို့တွင် အတိုင်းအတာ (ပေ ၁၀၀ × ပေ ၁၀၀ × ၆ ပေ) ရှိ မြေသားရေကန် (၅) ကန်ကို တူးဖော်ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ဒီပါရုံကျေးရွာ၊ အင်ဇုံပြင်ကျေးရွာ၊ ဗုဒ္ဓေါကျေးရွာနှင့် လွန်ပူတောင်ကျေးရွာတို့တွင် အတိုင်းအတာ (၈'Ø၂၀') ရှိ လက်တူးတွင်း လေးတွင်း၊ ကံပြင်ကျေးရွာတွင် Lifestraw ရေသန့်စင်လုပ်ငန်းတစ်ခုတို့ကို လည်းဆောင်ရွက်လျက်ရှိသည်။ ၎င်းလုပ်ငန်းများဆောင်ရွက်နေမှုကို စစ်တွေခရိုင်ကျေးလက် ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ကျေးရွာရေပေးရေးကော်မတီများနှင့်အတူ ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းအချိန်မီပြီးစီးရေးနှင့် သတ်မှတ်အတိုင်းအတာ ပြည့်မီရေးတို့ကို လမ်းညွှန်မှာကြားကြသည်။

အဆိုပါ ရေပေးရေးလုပ်ငန်းများပြီးစီးပါက ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာ(၉)ရွာရှိ ပြည်သူများမှာ သောက်သုံးရေဖူလုံစွာ ရရှိနိုင်မည်ဖြစ်ကြောင်း စစ်တွေခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

တင်ထွန်း(ပြန်/ဆက်)