ပုဏ္ဏားကျွန်း မေ ၂၂

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် စာသင်ကျောင်းများအား ပြန်လည်ထူထောင်ရေးအတွက် ဗိုလ်မှူးချုပ်ဝင်းမောင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ လိုက်ပါ၍ မေ ၂၂ ရက် နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ စာသင်ကျောင်းများအား ကွင်းဆင်းစစ်ဆေးသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဗိုလ်မှူးချုပ်ဝင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၊ တပ်မတော်အရာရှိများနှင့် တာဝန်ရှိသူများက ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ အလွန့်အလွန်အားကောင်းသော မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပုဏ္ဏားကျွန်း(အထက)၊ အထက(ခွဲ)မြို့မ၊ အထက(ကွန်းတောင်)၊ မူ/လွန်(မြို့သစ်)၊ မူ/လွန်(ရွာဟောင်း)စသည့် စာသင်ကျောင်းများသို့ သွားရောက်စစ်ဆေးပြီး ကျောင်းဖွင့်ရက်အမီ ကျောင်းများဖွင့်လှစ်နိုင်ရန် အမြန်ဆုံး ပြုပြင်နိုင်ရေးအတွက် မြို့နယ်ပညာရေးမှူး ဦးကျော်ဟန်နှင့် ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင်အား တွေ့ဆုံ၍ ညှိနှိုင်းပေါင်းစပ်ပေးသည်။ ပုဏ္ဏားကျွန်းမြို့နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မြို့နယ်ပညာရေးမှူးရုံး တစ်ရုံးအပါအဝင် အခြေခံပညာကျောင်း ၁၉၉ ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

နီထွန်းအောင်(ပြန်/ဆက်)