ပုဏ္ဏားကျွန်း ၊ အောက်တိုဘာ ၁၂

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ပန်းခင်းစီမံချက်(၄)ရပ်နှင့်အညီ “မြို”တိုင်းရင်းသားများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးစာရင်းများ အခမဲ့ပြုလုပ်ပေးခြင်းကို  ယနေ့ နံနက်(၉)နာရီက ပုဏ္ဏားကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  အစည်းအဝေးခန်းမ၌   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်နှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်(၄)ရပ်နှင့်အညီ လက်ရှိဒေသတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသေးသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်သည့် လက်မှတ် မရှိသူများအား ဆောင်ရွက်ခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်က ရှင်းလင်းပြောကြားသည်။

 

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေမှုတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်သိန်းနှင့်အဖွဲ့ဝင်တို့က လှည့်လည်ကြည့်ရှုအားပေးပြီး၊ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ  ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ “မြို” လူမျိုးတိုင်းရင်းသား အမျိုးသား(၂၉)ဦး၊ အမျိုးသမီး(၄၀) ၊ စုစုပေါင်း(၆၉)ဦးတို့ကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ပြုလုပ်ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ  ဦးဝင်းမြင့်ထံမှ သိရသည်။

 

နီထွန်းအောင်(ပြန်/ဆက်)