ပုဏ္ဏားကျွန်း၌ ဒုတိယအကြိမ် ရခိုင်ရိုးရာ သင်ပုတ်ဆွမ်းတင်ပူဇော်ပွဲ ကျင်းပ

ပုဏ္ဏားကျွန်း ၃ နိုဝင်ဘာ

 

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော် ဘုရား ရင်ပြင်တော်၌ နိုဝင်ဘာ ၃ ရက် နံနက် ၆ နာရီက ရခိုင်လူမျိုးတို့၏ ခေတ်လေးခေတ်ကို ပုံဖော်၍ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊ မြောက်ဦးခေတ်တို့၏ ရိုးရာဝတ်စုံများ ဝတ်ဆင်ကာ ရခိုင်စည်တော် အတီး အမှုတ်အစုံဖြင့် ရှေးရခိုင် ဓလေ့ထုံးတမ်း စဉ်လာအတိုင်း သင်ပုတ်ဆွမ်းတင် ပူဇော်ပွဲကို ဒုတိယအကြိမ် ကျင်းပခဲ့သည်။

 

ရခိုင်ရိုးရာ သင်ပုတ်ဆွမ်းတင် ပူဇော်ပွဲကို Png Development You Organization အသင်းက ဦးဆောင်ပြီး ရက္ခိတမင်္ဂလာစည်တော် အဖွဲ့နှင့် စစ်တွေမြို့ စိုင်းဒရား ရခိုင်စည်တော်အဖွဲ့မှ ပံ့ပိုးကူညီမှုဖြင့် ထမင်းထောင်၊ ပန်းထောင်၊ ဆီမီးထောင်များနှင့်အတူ ရခိုင်စည်တော်များ၊ ရခိုင် တူရိယာများဖြစ်သော ခရုခွံ၊ အိုးစည်၊ ဒူမောင်း၊ လင်းခွက်ခရာများ အတီး အမှုတ်တို့ဖြင့် နံနက် ၅ နာရီက ရွာဟောင်း(မူလွန်)ကျောင်းမှ စတင်ကာ ဦးဥတ္တမလမ်းအတိုင်း စီတန်းလျက် ဦးရာဇ်တော် ဘုရားပေါ်သို့ တက်ရောက် ပူဇော်ခဲ့ကြသည်။

 

''ကျွန်တော်တို့ အခုလို ပူဇော်ရခြင်းမှာ ရခိုင်ရိုးရာဓလေ့ မပျောက်သွားစေရေး၊ ရခိုင်ယဉ်ကျေးမှုနဲ့၊ ရခိုင်အမျိုး ဘာသာ အမွေအနှစ်များ မပျောက်သွားစေဖို့နဲ့ တောင်သူလယ်သမားတွေ စပါးဆန်ရေ ပွားများစေဖို့ ကျင်းပရ ခြင်းဖြစ်ပါတယ်''ဟု ဦးဆောင် ကျင်းပသည့် အသင်းဥက္ကဋ္ဌ ကိုသိန်းဝဏ္ဏက ပြောသည်။ 

 

''သင်ပုတ်ဆွမ်းဆိုတာ ရခိုင်လူမျိုး တောင်သူတို့ ပထမဦးဆုံး ထွက်ရှိတဲ့စပါးကို ရိတ်သိမ်းကြိတ်ခွဲပြီး ဆန်အဖြစ် ထောင်းဖွပ်ကာ ဦးဦးဖျားဖျား ရွာဦး ဘုန်းတော်ကြီးကျောင်းရှိ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း ဓလေ့များကို ဖော်ထုတ်ပြသခြင်း ဖြစ်ပါတယ်'' ဟု စစ်တွေမြို့မှ ရခိုင် ဟာသစာရေး ဆရာ ဘဂျီးကျော်က ပြောသည်။

 

ရခိုင်ရိုးရာသင်ပုတ်ဆွမ်းကို ရှေးရခိုင် ဘုရင်လက်ထက်က ထမင်းထောင်၊ ပန်းထောင်၊ ဆီမီးထောင်တို့ဖြင့် ဝါကျွတ်လပြည့်နေ့နှင့် တန်ဆောင်တိုင်လပြည့်နေ့များတွင် ကောက်သစ်ဆန်ကို ဗုဒ္ဓဘုရားရှင်အား ဦးဦးဖျားဖျား ပူဇော်သော ရွာလုံးကျွတ်ပွဲဖြစ်သည်။ ကောက်ဦးထမင်းကို ကတော့ပုံ၌ သွတ်သွင်းကာ ခရုချွန်ပုံဖြစ်အောင် ကတော့ပုံ သင်ပုတ်ဆွမ်း ၃၃ ခုနှင့် ဆွမ်းထမင်းကို စေတီပုံဖြစ်အောင် နယ်နှိပ်ပြီး ဗန်းအလယ်၌ စိုက်ထူ၍ ဘုရားကျောင်းကန်များသို့ တပျော်တပါး သွားရောက်ကာ ကုသိုလ် ဒါနပြုကြသော သင်ပုတ်ဆွမ်း(ခေါ်) ကောက်ဦး ဆွမ်းလည်းခေါ်ကြောင်း စစ်တွေမြို့ စိုင်းဒရား စည်တော်အဖွဲ့ခေါင်းဆောင် ကိုကျော်ဆန်းက ပြောသည်။

 

ယနေ့ ည ၇ နာရီတွင် ဦးရာဇ်တော် ဘုရားရင်ပြင်ပေါ်၌ ဆီမီးငါးထောင် ပူဇော်ပွဲနှင့် မီးပုံးပျံများ လွှတ်တင်ပွဲကို ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။ 

 

နီထွန်းအောင်(ပြန်/ဆက်)