ပုံညာတောင်အဆင်း သရက်ပင်ကွေ့တွင် မော်တော်ယာဉ်တိမ်းမှောက်သဖြင့် ၆ ဦးသေ ၄၁  ဦးဒဏ်ရာရရှိ

ဂန့်ဂေါ   ၂၃   နိုဝင်ဘာ

 

ပုလဲ- ဂန့်ဂေါ ကားလမ်း မိုင်တိုင်အမှတ် ၇၇/၁၁ နှင့် ၇၇/၂ ကြား ပုံညာတောင်အဆင်း သရက်ပင်ကွေ့တွင် နိုဝင်ဘာ ၂၂ ရက် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က မော်တော်ယာဉ်တိမ်းမှောက်သဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့်ခရီးသည်များအနက် ၆ ဦးသေဆုံး၍ ၄၁ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ယာဉ်မောင်း ပုလဲမြို့နယ်နေသူ ဦးသန့်ဇင်ဦး မောင်းနှင်သည့် LIFAN မော်တော်ယာဉ် အပြာရောင် ၆ ဘီးယာဉ်သည် အခင်းဖြစ်ပွားရာနေရာအရောက်တွင် ယာဉ်ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ကားလမ်းဝဲဘက်သို့ လဲကျတိမ်းမှောက်သွားသည်။

 

ယာဉ်ပေါ်တွင် ပုလဲမြို့နယ် ရွာသစ်ကျေးရွာ အလှူပွဲသို့ သွားရောက်ကြသည့် ထီးလင်းမြို့နယ် မြောင်းကြီးကျေးရွာ၊ မိုးကောင်းကျေးရွာနှင့် ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာတို့မှ ခရီးသည်များအနက် တိမ်းမှောက်သည့်နေရာတွင် ၄ ဦးသေဆုံး၍ ၄၃ ဦးဒဏ်ရာ ရရှိကြကာ ဒဏ်ရာရရှိသူများအား ကျောမြို့ တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ၂ ဦးမှာ ထပ်မံသေ ဆုံးကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဂန့်ဂေါမြို့ မြို့မရဲတပ်ဖွဲ့စခန်းက ယာဉ်မောင်းဖြစ်သူ ဦးသန့်ဇင်ဦး အပေါ် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

ကျော်သန်းဆွေ