၅ ဇူလိုင်

 

ကြက်သွန်နီ။ ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ငရုတ်သီး အလှော်မှုန့်၊ ဆီ၊ ဆား စတာတွေနဲ့ ရောသုပ်ရင် ထမင်းမြိန်သလို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းလေးကို ဆီသတ်ပြီး ထည့်ကြော်စားရင်လည်း အရသာရှိပြီး ထမင်းမြိန်စေတဲ့ အညာ အရသာစစ်စစ် ပုန်းရည်ကြီးကို ကြိုက်ကြလား။ သတ်သက်လွတ်ပဲ စားစား၊ ဝက်သား၊ ကြက်သားစတဲ့ အသားတွေနဲ့ပဲ ရောချက်ချက် ခံတွင်းတွေ့စေတဲ့ ပုန်းရည်ကြီးလေးက ထမင်းမြိန်စေတာ အပြင် ကျန်းမာရေးအတွက် အကျိုးပြုသလို အာဟာရလည်း ဖြည့်ပေးပါသေးတယ်။

 

ပုန်းရည်ကြီးရဲ့ အာဟာရ

ခပ်ညိုညိုလေးနဲ့ အရသာရှိတဲ့ ပုန်းရည်ကြီးမှာ

•           ပရိုတင်း

•           ကယ်လ်လိုရီ

•           အဆီ

•           ဆိုဒီယမ်

•           ကာဗိုဟိုက်ဒရိတ်

•           အမျှင်ဓာတ်

•           သကြားဓာတ်

•           ကယ်လ်ဆီယမ်

•           သံဓာတ် စတာတွေ ပါဝင်နေပါတယ်။

 

ဒီလို အာဟာရဓာတ်တွေ ပြည့်ဝတဲ့အပြင် ပဲကို အချဉ်ဖောက်ပြီး လုပ်ထားတဲ့ ပုန်းရည်ကြီးက ကျန်းမာရေးကို အများကြီး အထောက်အကူပြုပေးပါသေးတယ်။

 

ပုန်းရည်ကြီး ကပေးတဲ့ ကျန်းမာရေး

 

အချဉ်ဖောက်ထားတဲ့ အစားအစာတွေက ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပေးပါတယ်။ မြန်မာ့ရိုးရာ စားစရာတစ်ခုဖြစ်တဲ့ ပဲပိစပ်ကို အချဉ်ဖောက်ပြီး သေချာလေး ပြုပြင်ထားတဲ့ ပုန်းရည်ကြီးက

 

သွေးတွင်းသကြားဓာတ် ကျစေတယ်

 

ပဲပိစပ်က သူကိုယ်တိုင်ကိုက ဆေးဖက်ဝင်တာပါ။ ပဲပိစပ်ကို အချဉ်ဖောက်ထားတဲ့ ပုန်းရည်ကြီးက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပြီး ဆီးချို ရှိသူတွေနဲ့ သင့်တော်တဲ့ စားစရာ တစ်မျိုးပါ။ ကိုယ်တွင်းမှာ အင်ဆူလင် ထွက်ရှိစေဖို့ လုပ်ဆောင်ပေးသလို အင်ဆူလင် တုံ့ပြန်မှု ကောင်းစေဖို့ လှုံ့ဆော်ပေးပြီး ဆီးချိုကို သက်သာစေသလို ကာကွယ်ပေးတဲ့ တာဝန်ကိုပါ ယူပေးပါသေးတယ်။

 

သွေးပေါင်ချိန် ထိန်းညှိပေးတယ်

 

သွေးတိုးက ကုသပျောက်ကင်းဖို့ မဖြစ်နိုင်တဲ့ နာတာရှည် ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ သွေးတိုးတဲ့အခါ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ အမြင်အာရုံ ပြဿနာတွေ ခံစားရတာ၊ အသက်ရှူရ ခက်တာ၊ ရင်ဘတ် အောင့်တာ၊ ဆီးထဲ သွေးပါတာ အပါအဝင် အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။

 

ပုန်းရည်ကြီးက ဆိုဒီယမ် ပါဝင်နေတယ်ဆိုပေမယ့် အတန်အသင့် စားသုံးပေးမယ်ဆိုရင် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပြီး နှလုံးကျန်းမာစေဖို့ အထောက်အကူ ပြုပေးပါတယ်။

 

ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတယ်

 

ပုန်းရည်ကြီးရဲ့ များပြားလှတဲ့ ကျန်းမာရေး အာနိသင်တွေထဲမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်း ကြွယ်ဝမှုလည်း ပါဝင်နေပါတယ်။ ဓာတ်တိုးပစ္စည်း ကြွယ်ဝမှုက ပင်ပန်းနွမ်းနယ်မှုကို သက်သာစေသလို စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။

 

ဓာတ်တိုးပစ္စည်းတွေကြောင့် နာတာရှည် ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးသလို အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

 

အစာခြေစနစ်ကို ကျန်းမာစေတယ်

 

အမျှင်ဓာတ်က အစာခြေစနစ်ကို အထိရောက်ဆုံး သန့်စင်ပေးနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေက အစာအိမ်ထဲက ချေဖျက်ဖို့ခက်တဲ့ အရာတွေကို ဖယ်ရှားစွန့်ထုတ်ပေးသလို အူလမ်းကြောင်းနံရံတွေကိူ အာဟာရ စုပ်ယူမှု ကောင်းစေဖို့ အားဖြည့်ပေးပါတယ်။

 

အစာကြေ စေပြီး ဝမ်းမှန်စေဖို့ အကောင်းဆုံး အထောက်အကူ ပြုပေးပါတယ်။ အူလမ်းကြောင်းကိုလည်း သန့်စင် ကျန်းမာစေပါသေးတယ်။

 

ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

 

အချဉ်ဖောက်ထားတဲ့ အစားအစာတွေက အကျိုးပြု ဘက်တီးရီးယား ကြွယ်ဝစွာ ပါဝင်နေပြီး ကိုယ်တွင်းက အဆီပိုတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အချဉ်ဖာက်ထားတဲ့ ပုန်းရည်ကြီးက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းကို ဖြည့်ပေးနိုင်သလို အမျှင်ဓာတ်လည်း ပြည့်ဝစေပါတယ်။

 

ကာဗိုဟိုက်ဒရိတ် နဲ့ သကြား ပါဝင်မှုနည်းတာကြောင့် ခန္ဓာကိုယ်က အဆီတွေကို လျှော့ချပေးနိုင်ပါတယ်။ အစားစားချင်စိတ်ကို အကောင်းဆုံး ထိန်းပေးပြီး ဝိတ်ကျစေဖို့ အထောက်အကူ ပြုပေးပါတယ်။

 

ကိုယ်ခံအား ကောင်းစေတယ်

 

ပုန်းရည်ကြီးမှာ အအေးမိတာ၊ နာမကျန်းဖြစ်တာတွေကို တိုက်ဖျက်ပေးနေတဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အာဟာရ ပြည့်ဝစေမှုက ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး အထောက်အကူ ပြုပေးပါတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ Aye Thi Mon