ညောင်ဦး ၃ မေ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့များရှိ ပုန်းရည်ကြီး လုပ်ငန်းရှင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလအတွင်း ပုန်းရည်ကြီး ထုတ်လုပ်မှု လုပ်ငန်းများ ရပ်ဆိုင်းထားမှုမရှိဘဲ မူလထုတ်လုပ်မှု၏ သုံးပုံတစ်ပုံခန့် လည်ပတ် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့ ဇီးကွက် ပုန်းရည်ကြီးလုပ်ငန်းရှင် ဦးမြင့်ဦးက ပုဂံညောင်ဦးဒေသမှာ ပုန်းရည်ကြီး လုပ်ငန်းကို ၁၉၅၇ ခုနှစ်မှစပြီး လုပ်ကိုင်ဆောင်ရွက်ကြကြောင်း၊ အဓိက ကုန်ကြမ်းအနေနဲ့ ပဲပိစပ်နဲ့ ဆားကို အသုံးပြုထားပြီး ပဲစပြုတ်တဲ့အဆင့်ကစပြီး နောက်ဆုံးထုပ်ပိုးရောင်းချတဲ့အဆင့်အထိ အဆင့်တွေအများကြီးနဲ့ ပြုလုပ်ရတဲ့ ရိုးရာအစားအစာတစ်ခုဖြစ်ကြောင်း၊ ယခု ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေအရ ဧည့်သည်များ လာရောက်မှု မရှိခြင်း၊ ဈေးဆိုင်များ ပိတ်ထားခြင်းတို့ကြောင့် ရောင်းအား ကျဆင်းသော်လည်း မန္တလေးမြို့သို့ ကုန်စည်ကားများဖြင့် တင်ပို့ရောင်းချနိုင်သဖြင့် လုပ်ငန်းရဲ့ သုံးပုံ တစ်ပုံခန့် လည်ပတ်နိုင်ကြောင်း ပြောသည်။
ညောင်ဦးမြို့၏ အဓိကဒေသ ထွက်ကုန်များမှာ ပုန်းရည်ကြီးလုပ်ငန်း၊ ယွန်းထည်လုပ်ငန်း၊ ဇီးပြား လုပ်ငန်း စသည့်ဖြင့် လုပ်ငန်းများစွာရှိပါသည်။ ယခု ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလအတွင်း ပုဂံညောင်ဦးသို့ ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်များ လာရောက်မှု မရှိတော့တဲ့အတွက် လုပ်ငန်းရှင် များအနေဖြင့် ဆက်လက်လည်ပတ်နိုင်ဖို့ အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။
ကျော်မင်းဦး(ရေနံချောင်း)


