ပုလဲ  ၈  သြဂုတ် 


စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နှင့် ၃၅ မိုင်ကွာဝေးသော ပုံတောင်ဒေသရှိ ခင်အေးကျေးရွာအုပ်စု၊ ငါးတွင်းတောတိုက်သို့  သြဂုတ် ၇ ရက်၊ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဖြိုးဝေလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ရောက်ရှိခဲ့ပြီး အခြေခံပညာမူလတန်းကျောင်း၌ ဒေသဖွံ့ဖြိုးရေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
        

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဖြိုးဝေလင်းက ပြည်သူ့ဝန်ဆောင်မှုရုံး၏ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းများ   ကွင်းဆင်းဆောင်ရွက်ပေးနေမှု   အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
        

ဆက်လက်၍  ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး  ဒုတိယရဲမှူး ထွန်းထွန်းအေးက သက်ငယ်မုဒိန်းမှု မဖြစ်ပွားစေရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လူကုန်ကူးမှု မဖြစ်ပွားစေရေး သတိပြု လိုက်နာရမည့် အချက်အလက်များကို   လည်းကောင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ  ဦးဇော်မင်းဦးက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှု လုပ်ငန်း၊ ကုန်ထုတ်လမ်းများ ဆောင်ရွက်ပေးနေမှုလုပ်ငန်း၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးလုပ်ငန်းနှင့် ဆိုလာစနစ်ဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေး ဆောင်ရွက်ပေးနေမှု အခြေအနေများကို လည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်သန်းစိုးက ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေမှု အခြေအနေများကို လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမြင့်သိန်းစိုးက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့်  စာဖတ်သည့်  အလေ့အကျင့်ကောင်းများ ရရှိအောင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ မြို့နယ်လမ်းဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ ( ၁ ) ဦးလင်းလင်းထွန်းကျော်က ပုလဲမြို့နယ်နှင့်မြိုင်မြို့နယ်ကို ဆက်သွယ်ပေးသည့် ခင်အေး-ဗဟင်းလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
        

ထိုနောက် ဒေသခံပြည်သူများက  ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားမှုများနှင့် ပတ်သတ်၍ သိရှိလိုသည့် ကိစ္စရပ်များကို မေးမြန်းဆွေးနွေးရာ  သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ဦးခင်မောင်သန်း (မင်းတိုင်ပင်ကျေးရွာ၊ ပုလဲမြို့နယ်)က အခြေခံပညာမူလတန်းကျောင်းအတွက် ကျောင်းသုံးဗလာစာအုပ်များ၊ သွားတိုက်ဆေးဘူးများနှင့်  သွားတိုက်တံများကို လှူဒါန်းရာ ဆရာ/ဆရာမများက လက်ခံရယူခဲ့သည်။

        
အလားတူ ဒေသဖွံ့ဖြိုးရေးဆွေးနွေးပွဲများကို ပုလဲမြို့နယ်၊ ပေါက်ပင်ချောက်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့်  နဂါးမတောင်တောတိုက်၊  အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့ပြီးကျေးရွာနေ ပြည်သူများက တင်ပြဆွေးနွေးသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက်များကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ပြီး အခြေခံပညာကျောင်းများအတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် သုတရသစာအုပ်များကို လှူဒါန်းခဲ့ကြောင်း သိရသည်။


                                                                                                                           
မြို့နယ်ပြန်/ဆက်