ဝါရှင်တန်   ၆  မေ   

 

မြောက်ကိုရီးယားနိုင်ငံ၏ တာတိုပစ်ဒုံးကျည်များ  စမ်းသပ်ပစ်လွှတ်ခဲ့မှုအပေါ် အမေရိကန်သမ္မတ  ဒေါ်နယ်ထရန့်က ခေါင်းဆောင်ကင်ဂျုံအန်နှင့်သူ၏ ဆက်ဆံရေးသည် ပြောင်းလဲမှုမရှိဘဲ  ဆက်လက်ကောင်းမွန်လျက်ရှိကြောင်းနှင့် အကောင်းမြင်ဝါဒကိုလက်ကိုင်ထားပါကြောင်း  ပြောကြားခဲ့သည်ဟု    ယမန်နေ့အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

 

မေ  ၄  ရက်က    မြောက်ကိုရီးယားနိုင်ငံ၏    အရှေ့ဘက်ခြမ်းမှ  တာတိုပစ်ဒုံးကျည်များကို  မိနစ် ၂၀ ကြာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

 

ယင်းဒုံးကျည်ပစ်လွှတ်မှုနှင့်ပတ်သက်ပြီး  သမ္မတ ထရန့်က သူ၏တွစ်တာစာမျက်နှာတွင် ခေါင်းဆောင်ကင်နှင့် သူ၏ဆက်ဆံရေးသည် ပြောင်းလဲမှုမရှိပါကြောင်းနှင့် ခေါင်းဆောင်ကင်အနေဖြင့်  သူ၏ကတိကဝတ်ကို ဖောက်ဖျက်မည်မဟုတ်ဟု ယုံကြည်ပါကြောင်း  ရေးသားထားသည်။

 

ခေါင်းဆောင်ကင်က နျူကလီးယားဒုံးလက်နက်များနှင့် တိုက်ချင်းပစ်ဒုံးကျည်များ   စမ်းသပ်ပစ်လွှတ်မှုကို ရပ်တန့်ထားမည်ဖြစ်သည်ဟု  ကတိပေးထားကြောင်း သမ္မတထရန့်က ရေးသားထားသည်။

 

မြောက်ကိုရီးယားနိုင်ငံ၏ စီးပွားရေးအလားအလာ ကောင်းများရရှိရန် ခေါင်းဆောင်ကင်အနေဖြင့် ကောင်းစွာ သိရှိနားလည်သဘောပေါက်သည်ဟု ယုံကြည်ပါကြောင်းနှင့် ယင်းအပေါ်ထိခိုက်နစ်နာမည့် မည်သည့်ကိစ္စရပ်ကိုမဆို လုပ်ဆောင်မည်မဟုတ်ဟုလည်း မျှော်လင့်ပါကြောင်း သမ္မတထရန့်က ရေးသားထားကြောင်း သိရသည်။

 

ပြုံယမ်းအနေဖြင့် စီးပွားရေးအထောက်အပံ့ကောင်း များရရှိစေရန် နျူကလီးယားလက်နက်ကင်းစင် ပပျောက်ရေးလုပ်ငန်းစဉ်ကို အစဉ်တစိုက်လုပ်ဆောင်မည်ဖြစ်ကြောင်း သမ္မတထရန့်၏      တွစ်တာစာမျက်နှာပေါ်ရှိ မှတ်ချက်များအရ  ထင်မြင်ယူဆနိုင်သည်ဟု  နိုင်ငံရေး စောင့်ကြည့်လေ့လာသူများက ဆိုသည်။

 

သမ္မတထရန့်အစိုးရအဖွဲ့က နျူကလီးယားလက်နက်ကင်းစင် ပပျောက်ရေးအတွက် ပြုံယမ်းနှင့် တတိယအကြိမ်ထိပ်သီးအစည်းအဝေး ထပ်မံကျင်းပနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

မြောက်ကိုရီးယား အဆင့်မြင့်သံတမန်တစ်ဦးက ဝါရှင်တန်အနေဖြင့် ပြုံယမ်းအပေါ်ထားရှိသည့် သဘောထားကို ယခုနှစ်ကုန်ပိုင်းအထိတိုင်အောင် ပြောင်းလဲမှုမရှိပါက မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများ ပေါ်ပေါက်လာနိုင်ဖွယ်ရှိသည်ဟု ဧပြီ ၃၀ ရက်တွင် သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။ 

 


အင်န်အိတ်ချ်ကေ