နေပြည်တော် ၂၈ ဇူလိုင်
မြန်မာနိုင်ငံသည် သမိုင်းတစ်လျှောက်လုံးမှသည် ယနေ့အချိန်အထိ စိုက်ပျိုးရေးကို အဓိကထားသော နိုင်ငံဖြစ်သည်။ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည်လည်း လယ်ယာကုန်ထုတ် စီးပွားရေးအပေါ် အားထားနေကြရဆဲ။ အသက်မွေးဝမ်းကျောင်းမှုအတွက် မြေနှင့် ရေဟူသော သဘာဝသယံဇာတ တို့ကို အားထားဖက်တွယ်နေကြရသည့်အလျောက် အမှုအခင်းပြဿနာတို့တွင် မြေယာကို အကြောင်း ပြု၍ လည်းကောင်း၊ စိုက်ပျိုးရေကို အကြောင်းပြု၍လည်းကောင်း ဖြစ်ပွားသည့် ပြဿနာများမှာ အတိတ်ခေတ်ကာလများမှသည် ယနေ့ထိတိုင် တွေ့ မြင်ကြားသိ နေရဆဲလည်း ဖြစ်သည်။
မကွေးတိုင်းဒေသကြီးအတွင်း မြေနုကျွန်းပေါ်တွင် လုပ်ပိုင်ခွင့်အငြင်းပွားမှုနှင့် စပ်လျဉ်း၍ ရွာနှစ်ရွာ အကြား ပဋိပက္ခဖြစ်ပွားရာမှ လှူအသက်များစွာ သေဆုံးမှုနှင့် ဒဏ်ရာရမှုများ မကြာသေးသည့် ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည်ကို စိတ်မချမ်းမြေ့ဖွယ်ရာ သိရှိရသည်။ မြေနုကျွန်းတို့၏ သဘောတရားမှာ တစ်နှစ်တစ်ရာသီသာ စိုက်ပျိုးကြရပြီး မိုးရာသီမြစ်ရေ မြင့်တက်ချိန်တွင် ရေဖုံး လွှမ်းလေ့ရှိသည်။ မြစ်ကမ်းခြေနှင့်ဆက်စပ်၍ မြေနုပေါ်ခြင်း၊ မြစ်လယ်တွင် မြေနုပေါ်ခြင်း၊ အရွယ်အစားနှင့်ပုံသ္ဌာန် ပြောင်းလဲခြင်း၊ မြေအနုအရင့်အပေါ်လိုက်၍ စိုက်ပျိုးသီးနှံအထွက်နှုန်း နှင့် စီးပွားဖြစ်မှုတို့ကွာခြားသည့်အတွက် တုတ်တပြက် ဓားတပြက် အငြင်းပွားမှုများ၊ ရုံးရောက်ဂတ်ရောက် မှုများမှာ ရှေးကတည်းကရှိခဲ့သည်။ မြန်မာနိုင်ငံ၏ ပင်မသွေးကြောဖြစ်သော ဧရာဝတီမြစ်ကြီး အပါအဝင် မြစ်ကြီးများမှာ နှစ်စဉ်ရေလျှံလေ့ရှိပြီး မြေနုကျွန်းများ၊ သောင်မြေများ နှစ်စဉ်ပြောင်းလဲ ဖြစ်ထွန်းလေ့ရှိသလို မြေယာအငြင်းပွားမှုများကို အစဉ်အဆက် ဖြေရှင်းဆောင်ရွက်ခဲ့ကြရသည့် အတွေ့အကြုံများလည်း မနည်းကြတော့ဟု ဆိုနိုင်သည်။
တောင်သူလယ်သမားများနှင့် လယ်ယာစီးပွားရေးအတွက် အရေးပါလှသည့် လယ်ယာမြေဥပဒေနှင့် လယ်ယာမြေနည်း ဥပဒေတို့ကို ၂၀၁၂ ခုနှစ်ကပင် ပြဋ္ဌာန်းခဲ့ပြီး ဥပဒေအရ လယ်ယာမြေကိစ္စ အဝ၀ တို့ကို စီမံ ခန့်ခွဲမှု ပြုနိုင်ရန်အတွက် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်တို့ကို ဗဟိုမှသည် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ ရပ်/ကျေးအဆင့်အထိ အဆင့်ဆင့် ဖွဲ့စည်းထားရှိသည်။ လယ်ယာမြေနည်းဥပဒေများ အခန်း (၁၂) တွင် မြေနုကျွန်းမြေ လုပ်ပိုင် ခွင့်ချထားခြင်းအတွက် မည်သို့ချထားပေးရမည်။ မည်သို့ စီမံခန့်ခွဲရမည်။ အငြင်းပွားမှုများ အပေါ် မည်သို့ဖြေရှင်းဆောင်ရွက်ရမည်။ မြေနုကျွန်းလုပ်ပိုင်ခွင့်ရရှိသူတို့ကလည်း မည်သို့ဆောင်ရွက် ရမည်တို့ကို ဥပဒေပုဒ်မ များနှင့် တိတိကျကျ ပြဋ္ဌာန်းထားရှိပြီးဖြစ်သည်။
မြေယာကိစ္စ အငြင်းပွားမှုများဖြစ်ပေါ်လာပါက အဆင့်ဆင့်သော လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တို့က လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချခြင်း၊ အတည်ပြုခြင်း၊ ပြင်ဆင်ခြင်းတို့အတွက် ကာလသတ်မှတ်ချက်များကိုပါ ဥပဒေတွင် တိတိကျကျဖော်ပြထားသည်။ မူဝါဒအားဖြင့်လည်း မြေနှင့်သက်ဆိုင်သည့် အငြင်းပွားမှုများကို ဖြေရှင်းရာတွင် အဂတိလိုက်စားမှုနှင့် ဘက်လိုက်မှုကင်းရှင်း၍ ပွင့်လင်းမြင် သာပြီး တရားမျှတစွာစီရင်စေခြင်းကို အခြေခံရမည်ဖြစ်သည်။ အရေးကြီး ဆုံးသောအချက်မှာ တရားဥပဒေစိုးမိုးမှုပင်ဖြစ်သည်။
မြစ်ကြီးများရေကြီးမှု၊ ရေလျှံမှု၊ ရေစီးကြောင်းများ ပြောင်းလဲမှုနှင့် မြေနုသောင်များ၊ မြေနုကျွန်းများ ဖြစ်ပေါ်မှုတို့မှုာ နှစ်စဉ်ဖြစ်ပေါ်နေမည့် သဘာဝတရားများပင်ဖြစ်သည်။ မြေယာကိစ္စအငြင်းပွားမှုမှ သည် ဒေါသကိုရှေ့ထားကာ မှားယွင်းမှုများက ရာဇဝတ်မှုကြီးများဆီသို့ ဦးတည်ဖြစ်ပွားခဲ့ရသည်မှာ သင်ခန်းစာယူဖွယ်ရာ၊ သံဝေဂရဖွယ်ရာဖြစ်သည်။ တစ်ဖက်တွင်လည်း မဖြစ်သင့်သည့်ကိစ္စများ မဖြစ်ပွားစေရေးအတွက် မီးကို မလောင်ခင်က တားရသည့်သကဲ့သို့ ပြုဖွယ်အမှုတို့ကို ကြိုတင် မြော်တွေးကာ လျင်မြန်စွာပြုခြင်းဖြင့်သာ အပ်ဖြင့်ထွင်းရမည့် အရေးကို ပုဆိန်ဖြင့်ခုတ်ရသည့် အခြေအနေသို့ မရောက်စေမည် ဖြစ်ပါကြောင်း။
မြန်မာ့အလင်း