၅ သြဂုတ်
ပြုပြင်စီမံထားတဲ့ အစားအသောက်တွေစားတဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေမှာ မွေးလာတဲ့ကလေး အော်တစ်ဇင်ဖြစ်လာနိုင်ခြေပိုများတယ်လို့ သုတေသနအသစ်က ဖော်ပြလိုက်ပါတယ်။
အစားအစာတွေကို ပြုပြင်စီမံတဲ့အခါ ပမာဏအများကြီး သုံးထားတတ်ကြတဲ့ propionic acid ကြောင့် သန္ဓေသားရဲ့ဦးနှောက်ဆဲလ်တွေကို ထိခိုက်စေပြီး အော်တစ်ဇင်ဖြစ်လာစေနိုင်တာပါလို့ Scientific Reports မှာ ဖော်ပြခဲ့တဲ့ သုတေသနက ဆိုပါတယ်။
အော်တစ်ဇင်ကလေးငယ်တွေရဲ့ ဝမ်းနမူနာထဲမှာ Propionic acid( PPA) ပမာဏများနေတာတွေ့ရပြီး ဒီကလေးတွေရဲ့ အူတွင်းဘက်တီးရီးယားတွေကလည်း ထူးခြားနေတယ်လို့ University of Central Florida ရဲ့သုတေသီ Saleh Naser ကပြောပါတယ်။
အော်တစ်ဇင်ရှိတဲ့ကလေးတွေဟာ အူလမ်းကြောင်း လှုပ်ရှားမှုမူမမှန်တဲ့ ရောဂါစုလက္ခဏာနဲ့ အစာအိမ်ပြဿနာတွေ မကြာခဏ ခံစားရတာတွေ့ရပါတယ်။ သာမန်လူတွေနဲ့ နှိုင်းယှဉ်တဲ့အခါ အော်တစ်ဇင်ကလေးတွေရဲ့ အူတွင်းဘက်တီးရီးယားကျန်းမာရေး ကွာခြားမှုဖြစ်စဉ်မှာ PPA က အဓိက ပါဝင်နေတာ တွေ့ရပါတယ်။
PPA ကို အသင့်ထုပ်ပိုးထားတဲ့ အစားအစာတွေ တာရှည်ခံစေဖို့၊ ပေါင်မုန့်နဲ့ချိစ်တွေ မှိုမတက်စေဖို့ အသုံးပြုကြပါတယ်။ ဒါပေမယ့် ဒီ acid က သန္ဓေသားရဲ့ဦးနှောက်ကို ဖွံ့ဖြိုးစေနိုင်တဲ့ အာရုံကြောဆဲလ်တွေ အရေအတွက်ကို လျော့နည်းစေနိုင်ပါတယ်။
အစာအိမ်ထဲမှာ သဘာဝအတိုင်းထုတ်ပေးတဲ့ PPA ဟာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ဝန်ဆောင် ကာလအတွင်းမှာ ပမာဏများများ ထွက်ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးကသာ ပြုပြင်စီမံထားတဲ့ အစားအစာတွေစားလိုက်မယ်ဆိုရင် PPA ထုတ်လုပ်မှုပိုတိုးလာပြီး အဲဒီအက်စစ်တွေက သန္ဓေသားဆီ ရောက်လာနိုင်ပါတယ်။
ဒီအက်စစ်က glial ဆဲလ်တွေထုတ်လုပ်မှုလွန်ကဲစေပြီး ဦးနှောက်အာရုံကြောဆဲလ်တွေကို လျော့နည်း စေတာကြောင့် ဦးနှောက်အတွင်း ဆဲလ်တွေထိန်းညှိမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။
Glial ဆဲလ်တွေက ဦးနှောက်ဆဲလ်ရဲ့လုပ်ဆောင်ချက်ကို ပိုကောင်းမွန်အောင် ကူညီပေးတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့တွေသိပ်များလွန်းတဲ့အခါ ဦးနှောက်ဆဲလ်တွေရဲ့ချိတ်ဆက်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ဦးနှောက်ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။
PPA များလွန်းတဲ့အခါ ဦးနှောက်ဆဲလ်တွေကို ထိခိုက်စေတာကြောင့် ကလေးတွေမှာ ဆက်သွယ်ပြောဆိုနိုင်စွမ်း ပြဿနာတွေ၊ ထပ်ကာထပ်ကာပြုလုပ်တတ်တဲ့ အပြုအမူတွေမှာ ပြဿနာဖြစ်စေ နိုင်တာဖြစ်ပါတယ်။
“ ဒီသုတေသနဟာ အော်တစ်ဇင်ရောဂါအကြောင်း ပိုမိုနားလည်လာစေတဲ့ ပထမခြေလှမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အော်တစ်ဇင်ရဲ့အကြောင်းရင်းကို ဖော်ထုတ်နိုင်ဖို့ နည်းလမ်းမှန်နေပြီလို့ ယုံကြည်ပါတယ်” လို့ သုတေသီ Naser ကပြောပါတယ်။
ရေးသားသူ - Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”