၁၈ မတ်
(ယမန်နေ့မှအဆက်)အစည်းအဝေးနှစ်ရပ် သတင်းယူရန်အတွက် စာရေးသူတို့ မြန်မာသတင်းမီဒီယာအဖွဲ့ ပေကျင်းမြို့ရှိ Xiangda International Hotel တွင် သုံးညမျှ အခြေပြုတည်းခိုခဲ့ကြပြီး မတ် ၄ ရက်တွင် မြို့တော်ပေကျင်းနှင့် ၁၃၅ ကီလိုမီတာအကွာအဝေးတွင်တည်ရှိပြီး တရုတ်နိုင်ငံမြောက်ပိုင်း အဓိက ပင်လယ်ထွက်ပေါက်ရှိရာ ထျန်းကျင်း(Tianjin) မြို့သို့ သွားရောက်လေ့လာခဲ့ရသည်။
စနစ်တကျစိုက်ပျိုးထား
ထျန်းကျင်းမြို့ အသွားလမ်းတစ်လျှောက်တွင်သစ်ပင်များ စနစ်တကျစိုက်ပျိုးထားသည်ကိုတွေ့ရသည်။ စာရေးသူတို့အဖွဲ့ ပေကျင်းမှ နံနက်၈ နာရီခွဲတွင် ကားဖြင့်ထွက်ခွာလာခဲ့ကြပြီးနောက်ဒေသစံတော်ချိန် ၁၁ နာရီခွဲခန့်တွင် ထျန်းကျင်းမြို့သို့ ရောက်ရှိခဲ့သည်။ ထျန်းကျင်းမြို့ကိုဝင်လိုက်သည်နှင့်တစ်ပြိုင်နက် မိုးပျံတံတားနှင့်အဆောက်အအုံအနည်းငယ်ကို ကျော်ဖြတ်ပြီးနောက် လမ်းဘေးဝဲယာတစ်လျှောက် ကုန်သေတ္တာများ အထပ်ထပ်၊ ပြည်ပတင်ပို့မည့် ကားများရပ်နား ထားသည်ကို မျက်စိတစ်ဆုံး မြင်တွေ့ကြရသဖြင့်အားကျခဲ့ရသေးသည်။
အဓိက ဝင်ထွက်ရာ
ဆိပ်ကမ်းတစ်ခုပထမဦးဆုံး ထျန်းကျင်းမြို့၏ စတုရန်းကီလိုမီတာ ၃၀ဝ ကျော် ကျယ်ဝန်းသည့် ပင်လယ်ကူး သင်္ဘောများ ဆိုက်ကပ်ကာ ကုန်တင်ကုန်ချပြုလုပ်သည့် ဆိပ်ကမ်းသို့ သွားရောက်လေ့လာခဲ့ရသည်။ အဆိုပါ ဆိပ်ကမ်းသည် ပင်လယ်ဝါဘက်သို့ထွက်သော ဆိပ်ကမ်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံမြောက်ပိုင်း၏ ပို့ကုန်/သွင်းကုန်များ အဓိက ဝင်ထွက်ရာ ဆိပ်ကမ်းတစ်ခုလည်းဖြစ်ပြီး တင်သွင်း/တင်ပို့သော ပစ္စည်းများအတွက်အကောက်ခွန်ဝန်ဆောင်မှုအားလုံးကို ယင်းတစ်နေရာတည်း အပြီးသတ်ရရှိနိုင်ကြောင်းလည်း သိရသည်။ အဆိုပါ ဆိပ်ကမ်းမှ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ကျော်ရှိ ဆိပ်ကမ်းပေါင်း ၆၀ဝ ကျော်နှင့်ကူးသန်းရောင်းဝယ်လျက်ရှိပြီး တစ်နှစ်လျှင်တန်ချိန်ပေါင်း သန်း ၅၀ဝ ကျော်ကို ကူးသန်း ရောင်းဝယ်လျက်ရှိကြောင်း သိရသည်။
ယင်းနောက် မြန်မာသတင်းမီဒီယာအဖွဲ့များသည် တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံတို့ အကျိုးတူပူးပေါင်းတည်ဆောက်နေသည့် ထျန်းကျင်း စီးပွားရေးမြို့တော် တည်ဆောက်နေမှုကို သွားရောက်လေ့လာခဲ့သည်။
စံပြစီးပွားရေးမြို့တော်
ထျန်းကျင်းစီးပွားရေးမြို့တော်ကို ဘင်းဟိုင် ဒေသမြောက်ဘက်ပိုင်း ထျန်းကျင်းမြို့ရှိ စုစုပေါင်း မြေဧရိယာ စတုရန်းကီလိုမီတာ ၁၅၀ ကျော်လျာထားပြီး ယခုလက်ရှိတွင် မြေဧရိယာအကျယ်အဝန်း ၃၀ စတုရန်းကီလိုမီတာပေါ်တွင် အကောင်အထည်ဖော်လျက်ရှိသည်။ အဆိုပါ စီးပွားရေး မြို့တော်သည် စတင်တည်ဆောက်ချိန်တွင်ဆားပေါက်ပြီး ပျက်စီးနေသည့်မြေများကို ပြုပြင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ယခုအချိန်တွင် အခြေခံအဆောက်အအုံ၊ လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်အသုံးပြုမှုများ၊ ရေအရင်းအမြစ်အသုံးချမှုများ၊ အမှိုက်စွန့်ပစ်မှုစီမံခန့်ခွဲမှုစနစ်များတွင် သဘာဝပတ်ဝန်းကျင်နှင့် လှူပတ်ဝန်းကျင်အသိုင်းအဝိုင်း အတွက် ရာနှုန်းပြည့် လိုက်လျောညီထွေမှု အရှိဆုံး ဖြစ်အောင် Smart City အဖြစ် တည်ဆောက်နိုင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်း တရုတ်နိုင်ငံ၏ စံပြစီးပွားရေးမြို့တော်တစ်ခု ဖြစ်လာပြီဖြစ်သည်။ အဆိုပါ စီးပွားရေးမြို့တော်အတွင်း ရုပ်ရှင်ဥယျာဉ်၊ Animation ဥယျာဉ်၊ Auto Mobile ဥယျာဉ်၊ စက်မှုဥယျာဉ်နှင့် ကာတွန်းဥယျာဉ် စသည့်ဥယျာဉ်ကြီးငါးခု ထည့်သွင်းတည်ဆောက်လျက်ရှိသည်။
စွမ်းအင်အသုံးပြုမှုအနေဖြင့် လမ်းမီးများကိုနေရောင်ခြည်စွမ်းအင်၊ လေအားလျှပ်စစ်၊ ရေအားလျှပ်စစ်များဖြင့် အသုံးပြုနိုင်ရေး ဆောင်ရွက်ထားပြီး အမြန်ရထားလိုင်းအနေဖြင့် အထူးအမြန်ရထားနှစ်လိုင်းနှင့် ရိုးရိုးအမြန်ရထား ၁၀ စင်း ပြေးဆွဲလျက်ရှိကာ မြို့တော် ပေကျင်းအထိ ၁ နာရီအတွင်း ရောက်ရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကာ မြို့တော်အတွင်း ရင်းနှီးမြှုပ်နှံရေးအတွက်မှတ်ပုံတင်ထားသူ ၇၇၀ဝ ကျော်ရှိကြောင်း လေ့လာသိရှိရသည်။
စက်ရုံနှစ်ရုံ တည်ဆောက်ပြီးစီးထို့ပြင် မြို့တော်အတွင်း အမှိုက်စွန့်ပစ်မှုထိန်းသိမ်းရေးစက်ရုံ ရှစ်ရုံအထိ တည်ဆောက်မည်ဖြစ်ကာ ယခုလက်ရှိ စက်ရုံနှစ်ရုံ တည်ဆောက်ပြီးစီးပြီဖြစ်သည်။ မြို့သူမြို့သားများအနေဖြင့်အမှိုက်ပစ်ရာတွင် အမှိုက်ပုံးကို မရသောအမှိုက်၊ ပြန်လည်အသုံးပြု၍ရသောအမှိုက်နှင့် အသီးအရွက်အမှိုက်များအဖြစ် သုံးမျိုးခွဲခြားထားသည်။ အဆိုပါအမှိုက်များကို အမှိုက်စက်ရုံအတွင်း ပြန်လည်ခွဲထုတ်သန့်စင်ကာ အသီးအရွက်နှင့်အစားအသောက် စွန့်ပစ်ပစ္စည်းများကို သဘာဝမြေဩဇာအဖြစ် ပြန်လည်ထုတ်ယူပြီး ပလတ်စတစ်နှင့် အခြားပြန်လည်အသုံးပြု၍ရသော အမှိုက်များကို သီးခြားခွဲခြားသန့်စင်ကာ အသုံးပြုမရသော အမှိုက်များကိုသာ စွန့်ပစ်သည့်စက်ရုံအဖြစ်တည်ဆောက်ထားမှုများကိုလည်း လေ့လာခွင့်ရခဲ့သည်။ အမှိုက်များကို စနစ်တကျစွန့်ပစ်သူများ ကိုလည်း Smart Trash စနစ်ဖြင့် အမှတ်များ ပေးထားကာ စတိုးဆိုင်များတွင် ပစ္စည်းဝယ်ယူရာတွင် အဆိုပါ အမှတ်များဖြင့် လျှော့ဈေးများ ရရှိနိုင်ပြီး အမှတ် ၂၀ဝ ကျော်ပါက လစဉ် အမှိုက်အိတ် ၅၀ ကိုလည်း လက်ဆောင်ပေးအပ်ကြောင်း သိရသည်။
သွားရောက်လေ့လာယင်းနောက် Sino Singapore Tianjin Eco-city အတွင်းရှိ Sublue နည်းပညာကုမ္ပဏီမှထုတ်လုပ်ထားသည့် လုပ်ငန်းသုံး ရေအောက် သုတေသနပြုလုပ်သည့် ယာဉ်များ၊ အပျော်တန်း လူသုံးကုန်ပစ္စည်းများကို သွားရောက်လေ့လာခဲ့ရသည်။ အဆိုပါကုန်ပစ္စည်းများအနက် ရေအောက်သုတေသနလုပ်ငန်းသုံး ဒရုန်းယာဉ်၊ HETUN၊ HAITUN နှင့် JANGTUN ဟု ခေါ်သည့်တမံတာပေါင်ကြံ့ခိုင်မှု၊ ရေအောက်ကြမ်းပြင်လေ့လာမှု၊ ငါးများသုတေသနပြုလုပ်ခြင်းနှင့်အခြား ရေအောက်သုတေသနများတွင် ကင်မရာဖြင့် တိုက်ရိုက်ကြည့်ရှုခြင်းနှင့် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ခြင်းများအတွက် အသုံးဝင်မှုများကို လေ့လာခဲ့ကြရသည်။
ဘင်းဟိုင်ရဲ့မျက်လုံးထို့နောက်တွင် တရုတ်နိုင်ငံ ဘင်းဟိုင်ဒေသ ထျန်းကျင်းမြို့အနီးတည်ရှိသည့် ဘင်းဟိုင်ရဲ့မျက်လုံးလို့ တင်စားခေါ်ဝေါ်သည့် ဘင်းဟိုင်စာကြည့်တိုက်ကို သွားရောက်လေ့လာဖြစ်ခဲ့သည်။
အဆိုပါ စာကြည့်တိုက်မှာ တရုတ်နိုင်ငံဘင်းဟိုင်ဒေသရှိ ဘင်းဟိုင်ယဉ်ကျေးမှုစင်တာ၌ တည်ရှိသည်။ အဆိုပါ ဘင်းဟိုင်ယဉ်ကျေးမှုစင်တာကို ထီးပုံသ္ဌာန် တိုင်ပေါင်း ၂၆ တိုင်ကိုအခြေခံတည်ဆောက်ထားခြင်းဖြစ်သည်။ အဆိုပါ ယဉ်ကျေးမှုစင်တာကို ရှေးဟောင်းယဉ်ကျေးမှုပြတိုက်၊ ဘင်းဟိုင်စာကြည့်တိုက်၊ ပလာဇာ၊ အနုပညာပြတိုက်၊ သိပ္ပံနှင့် နည်းပညာပြတိုက်စသည့် အပိုင်းငါးပိုင်းဖြင့် တည်ဆောက်ထားသည်။ စာကြည့်တိုက် အဆောက်အအုံဒီဇိုင်းကို ဒတ်ချ် ဗိသုကာအဖွဲ့ဖြစ်သည့် MVRDV နှင့် Tianjin မြို့တော်စည်ပင်သာယာရေး၊ ဒီဇိုင်းပညာရေးဌာန (TUPDI) တို့ ပူးပေါင်း၍ ဘင်းဟိုင်ဒေသ တိုးတက်ရေးအတွက် စီမံကိန်းချကာ တည်ဆောက်ထားသည့် ထူးခြားစာကြည့်တိုက်တစ်ခုဖြစ်ကြောင်း သိရသည်။
နေ့စဉ် လူ ၁၀ဝဝဝ ခန့် ဝင်ရောက်လေ့လာဘင်းဟိုင် စာကြည့်တိုက်၏ တည်ဆောက်ပုံမှာ မျက်လုံးပုံသဏ္ဌာန် ဒီဇိုင်းဆွဲထားပြီ စာအုပ်စင်များကို အဆင့်ပေါင်း ၃၁ ဆင့်အထိ တည်ဆောက်ထားသည်။ အဆိုပါ စာအုပ်စင်များအနက်၁၂ ဆင့်အထိသာ လူတက်၍ရပြီး ကျန်အထပ်များရှိစာအုပ်များကို ငှားရမ်းဖတ်ရှုလိုပါက Smart Card ဖြင့် စာအုပ်ငှားရမ်းသည့်စက်တွင် အမည်၊ ငှားရမ်းလိုသော စာအုပ်အမည်၊ စာအုပ်အရေ အတွက်ကို မှတ်ပုံတင်ပြီး ငှားရမ်းဖတ်ရှုရမည်ဖြစ်သည်။ အဆိုပါ ဘင်းဟိုင်စာကြည့်တိုက်သို့နေ့စဉ် လူ ၁၀ဝဝဝ ခန့် ဝင်ရောက်လေ့လာလျက်ရှိပြီ နေ့အချိန်အထိ လူဦးရေ သိန်း ၃၀ ကျော်လာရောက်လေ့လာခဲ့ပြီးဖြစ်ကြောင်း ဘင်းဟိုင်စာကြည့်တိုက်မှူးထံမှ သိရသည်။
ဘင်းဟိုင်စာကြည့်တိုက်သည် အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ ၃၃၇၀ဝ ရှိသည့်အတွက်စာကြည့်တိုက်အတွက်ဆိုလျှင် အလွန်ကျယ်ဝန်းသည့် နေရာတစ်ခုဖြစ်သည်။ ဒေသနာမည်အတိုင်း ဘင်းဟိုင်စာကြည့်တိုက်ဟုသာ အလွယ်တကူမှတ်ယူကြပြီး ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ စာကြည့်တိုက်ကို ကြမ်းပြင်မှစ၍ စာအုပ်စင်များ၏ အချိုးအကွေ့တိုင်းကို သေသေချာချာ ဒီဇိုင်းဆွဲကာ ဆောက်လုပ်ထားသည်ကိုလေ့လာတွေ့ရှိရသည်။ နံရံများတွင်သာ စာအုပ်စင်ရှိသည်မဟုတ်ဘဲ ခေါင်မိုးပေါ်အထိပါ စာအုပ်စင်များ တည်ဆောက်ထားခြင်းကြောင့် စာအုပ်စာပေ ၁ ဒသမ ၂ သန်းကျော်ကို Tianjin Binha စာကြည့်တိုက်အတွင်း တစ်စုတစ်စည်းတည်း လေ့လာဖတ်ရှုနိုင်သည်။
အနာဂတ်ရင်သွေးငယ်များကို ဦးစားပေးအဆိုပါ စာကြည့်တိုက်အတွင်း တရုတ်ဘာသာဖြင့် ရေးသားထားသည့် စာအုပ်အများဆုံး ရှိကြပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် ရေးသားထားသည့် စာအုပ်များကိုလည်း လေ့လာဖတ်ရှုနိုင်မည်ဖြစ်သည်။ အဆောက်အအုံ၏ ပထမထပ်တွင်စာအုပ်စင်၊ စာဖတ်ခန်းများနှင့် ဒုတိယအထပ်နှင့်အထက်တွင် ကွန်ပျူတာခန်း၊ အစည်းအဝေးခန်းများ၊ ရုံးခန်းများဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါ အထပ်ငါးထပ်အတွင်း စာအုပ်စာပေများကိုစီစဉ်ထားသည်မှာ လူကြီးစာဖတ်ခန်း၊ အင်္ဂလိပ်စာပေ သီးသန့်စာဖတ်ခန်းများအပြင် ကလေးသူငယ်နှင့် အကူအညီပေးရန်လိုအပ်သည့်သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများအတွက်ဦးစားပေးပုံစံထားရှိပြီး ကလေးနို့တိုက်ရန် အခန်း၊ ကလေးစာဖတ်ခန်း၊ ကလေးအိမ်သာသီးသန့်အဖြစ်တိုင်းပြည်၏ အခြေခံအုတ်မြစ်ဖြစ်သော အနာဂတ်ရင်သွေးငယ်များကို ဦးစားပေးအနေဖြင့် စီစဉ်ထားရှိသည်ကို လေးစားအတုယူဖွယ် လေ့လာခဲ့ရသည်။
ထို့နောက် ထမင်းစားသောက်ကြပြီး ထျန်းကျင်းမြို့မှ ဒေသစံတော်ချိန် ည ၇ နာရီခန့်တွင်ထွက်ခွာလာခဲ့ကြရာ ည ၁၁ နာရီကျော်တွင်တည်းခိုသည့်ဟိုတယ်သို့ ရောက်ရှိအနားယူခဲ့ကြပါတော့သည်။
ခရီးသွားဆောင်းပါး - ဇင်ဦး(မြန်မာ့အလင်း)