ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင် စုစည်းညီညွတ်မှုဖြင့် အားလုံးပါဝင်

၂၀ သြဂုတ်

 

ပြုပြင်ပြောင်းလဲရေးကို မိမိတို့အားလုံး အလိုရှိကြသည်။ ပြုပြင်ပြောင်းလဲရေးဟု ဆိုရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးတို့ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ဟူ၍ ယုံကြည်ကြခြင်းကြောင့်လည်း ဖြစ်သည်။ ပြုပြင်ပြောင်းလဲနိုင်မှသာ ဖွံ့ဖြိုးတိုးတက်လာမည်ဟူသော ယုံကြည်ခြင်းနှင့်အတူ မျှော်လင့်ချက်နှင့် စိတ်အားထက်သန်မှုများလည်း မြင့်မားလျက်ရှိကြသည်။ လက်တွေ့ဘဝတွင် ကဏ္ဍအသီးသီးတို့၏ ပြုပြင်ပြောင်းလဲမှုများမှာ အချို့သိသာထင်ရှားလျက်၊ အချို့ မသိမသာ မထင်မရှား။ ပြောင်းလဲသွားပြီဖြစ်လျက်နှင့် မကြည့်တတ်လျှင် မမြင်နိုင်။ အချို့ကဏ္ဍများတွင်မူ စိန်ခေါ်မှုများနှင့် ရုန်းကန်ရင်ဆိုင်နေရဆဲ။

 

“မိမိတို့နိုင်ငံတွင် ရာစုနှစ်ထက်ဝက်ကျော် ဒီမိုကရေစီလမ်းစပျောက်ဆုံးခဲ့ပါကြောင်း၊ ယခုအခါမှာ ဒီမိုကရေစီလမ်းစအပေါ်တွင် ပြုပြင်ပြောင်းလဲရေးကို အားလုံးက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲရေးသည် နိုင်ငံသူ နိုင်ငံသားများအားလုံး တောင့်တနေသည့် ဆန္ဒဖြစ်ပါကြောင်း၊ ယင်းဆန္ဒကို အကောင်အထည်ဖော်ရန်မှာ အားလုံးတွင် တာဝန်ရှိပါကြောင်း”ဖြင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က စစ်ကိုင်းတိုင်းဒေသကြီးရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ၌ လမ်းညွှန်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ပြည်သူအားလုံးတို့၏ မျှော်လင့်ချက်နှင့် ဆန္ဒဖြစ်သော ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရာတွင် နိုင်ငံသူ နိုင်ငံသားအားလုံးနှင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့မှ သက်ဆိုင်ရာတာဝန်ရှိသူအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်မှာ အဓိကအကျဆုံး သော့ချက်ပင်ဖြစ်သည်။

 

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်အမှာစကားတွင် အုပ်ချုပ်ရေးနှင့်ပတ်သက်ပြီး နိုင်ငံရေးတရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ လူမှုရေးမျှတမှုရှိအောင် စီမံရန်၊ အုပ်ချုပ်ရေးစနစ်သည် တရားဥပဒေစိုးမိုးမှုကို အထောက်အကူပြုသည့် အုပ်ချုပ်ရေးစနစ်ဖြစ်ရန်၊ နိုင်ငံသူ နိုင်ငံသားများအား ဖိနှိ်ပ်ချုပ်ချယ်သည့် အုပ်ချုပ်ရေးယ္တရား မဖြစ်ရန်၊ ပြည်သူကိုဝန်ဆောင်မှုပေးသည့် စီမံခန့်ခွဲမှုမျိုးဖြစ်ရန်၊ တရားမျှတ၍ ဘက်လိုက်မှုကင်းသည့် အုပ်ချုပ်ရေးဖြစ်ရန်၊ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်တို့ ဟန်ချက်ညီရန်၊ တရားစီရင်ရေးတွင်လည်း ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို လိုက်နာပြီး ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေးဖြစ်ရန်၊ တရားစီရင်ရာတွင် လုပ်ပိုင်ခွင့်ရှိသူများ၊ တာဝန်ရှိသူများ၏ ဝင်ရောက်စွက်ဖက်မှု ကင်းရန်တို့ကိုပါ ထည့်သွင်းမှာကြားခဲ့ရာ နိုင်ငံသူ နိုင်ငံသားအားလုံး၏ ဆန္ဒဖြစ်သည့် ပြုပြင်ပြောင်းလဲရေးနှင့် စပ်လျဉ်း၍ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့တွင် တာဝန်ရှိသူများ မဖြစ်မနေ ဆောင်ရွက်ကြရမည့် လမ်းညွှန်ချက်များပင်ဖြစ်သည်။

 

နိဂုံးချုပ်အားဖြင့်ဆိုရလျှင် ပြုပြင်ပြောင်းလဲမှုသည် မဖြစ်မနေဆောင်ရွက်ကြရမည့် သမိုင်းပေး တာဝန်များပင်ဖြစ်သကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မလွဲမသွေ ဆောင်ရွက်ကြရမည့် လိုအပ်ချက်များလည်း ဖြစ်သည်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပန်းတိုင်သို့ မရောက်ရောက်အောင် ချီတက်ကြရာတွင် ပြုပြင်ပြောင်းလဲမှုများသည် မိမိတို့ဖြတ်သန်းကြရမည့် ခရီးစဉ်အစိတ်အပိုင်းများဖြစ်သလို ကျော်လွှားကြရမည့် စိန်ခေါ်မှုများလည်း ဖြစ်သည်။ မိမိတို့ လက်ကိုင်ပြုကြရမည့် အဓိကအင်အားမှာလည်း စုစည်းညီညွတ်မှုများမှ ထွက်ပေါ်လာသည့် စွမ်းပကားဖြစ်သော စုပေါင်းအင်အားသာ ဖြစ်ပါကြောင်း။ ။

 

(မြန်မာ့အလင်း)