ကျောက်ပန်းတောင်း ၁၃ မေ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင် ပတ်ဝန်းကျင်ဒေသထွက် စိန်တစ်လုံးသရက်သီးများ ပြည်တွင်းစားသုံးမှု ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ဈေးနှုန်း ပြန်လည်မြင့်တက်လာကြောင်း သိရသည်။
စိန်တစ်လုံးသရက်အား ကျောက်ပန်းတောင်းမြို့ ပတ်ဝန်းကျင် သရက်ခြံများနှင့် ပုပ္ပားတောင် ပတ်ဝန်းကျင်ကျေးရွာများတွင် အမြောက်အများစိုက်ပျိုးကြပြီး ပေါ်ဦးပေါ်ဖျားတွင် စိန်တစ်လုံးသရက်သီး ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း၊ စိန်တစ်လုံးသရက်သီးများ လှိုင်လှိုင်ပေါ်ချိန်တွင် ဈေးနှုန်း ပြန်လည်တက်လာခြင်းကြောင့် သရက်ခြံ ပိုင်ရှင်များ တွက်ခြေကိုက်လာကာ စိန်တစ်လုံးသရက်သီး ပွဲစားများလည်း ခြံများအထိ လာရောက်ဝယ်ယူကြကြောင်း နဂါးလည်ကျေးရွာ စိန်တစ်လုံးသရက် စိုက်တောင်သူ ဒေါ်စမ်းစမ်းမြင့်က ပြောသည်။
စိန်တစ်လုံးသရက်များ စတင်ပေါ်ချိန်က အိတ်မစွပ် ဆယ်လုံးဈေး တစ်ထောင်ငါးရာကျပ်၊ အိတ်စွပ် ဆယ်လုံးဈေး နှစ်ထောင်ကျပ်သာရှိခဲ့ရာမှ ယခုအခါ စိန်တစ်လုံး အိပ်စွပ် ဆယ်လုံးဈေး ၃၅၀၀ ကျပ်နှင့် အိပ်မစွပ် ဆယ်လုံးဈေး ၂၀၀၀ ကျပ်ထိ ပေးဝယ်ရကြောင်း သိရသည်။
ပုပ္ပားဒေသထွက် စိန်တစ်လုံးသရက်များသည် အရည်အသွေး ကောင်းမွန်ခြင်းကြောင့် နှစ်စဉ်နှစ်တိုင်း ဈေးကောင်းရရှိခဲ့ကြောင်း၊ စိန်တစ်လုံးသရက်ဈေးနှုန်း ကောင်းစွာရရှိနေ သော်လည်း ပေါက်စိပ်လှောင် သရက်သီးဈေးနှုန်းမှာ အနိမ့်ဆုံးဈေးနှုန်းဖြစ်သွားခဲ့ပြီး သရက်သီးတစ်တင်း အလုံးကြီးမှ ၂၅၀၀ ကျပ်သာရှိ၍ သရက်သီးအလုံး အလတ်တစ်တင်း ၂၀၀၀ ကျပ်သာ ရောင်းချရကြောင်း သိရသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


