ကျောက်ပန်းတောင်း၊ ဒီဇင်ဘာ ၂၁

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ် စေတီတော်ဘဏ္ဍာထိန်း ယာယီဂေါပကအဖွဲ့မှ ဂေါပကအဖွဲ့သစ်သို့ လုပ်ငန်းတာဝန်လွှဲပြောင်းလက်ခံခြင်းနှင့် နာယကဆရာတော်ဘုရားကြီးများထံမှ ဩဝါဒခံယူပွဲကို၊ ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီခွဲက မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကျောင်းထိုင်သည့် ဥသျှစ်ကုန်းစာသင်တိုက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားကို ကြွရောက်လာသည့် ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ကျောက်ပန်းတောင်းမြို့နယ် တိုင်းဒေသကြီးအဖွဲ့၊ အဖွဲ့ဝင်ဆရာတော် ဘန္တဒ္ဒ ဓမ္မာဝုဓ က ဩဝါဒကထာ ချီးမြှင့်သည်။ ဆက်လက်၍ ပုပ္ပားတောင်ကလပ် ယာယီဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးဌေးမြင့်က ဂေါပက အဖွဲ့သစ် ဥက္ကဋ္ဌ ဦးဝင်းမြင့်ထံသို့ လုပ်ငန်းဆိုင်ရာမှတ်တမ်းများကို လွှဲပြောင်းပေးအပ်ပြီး ကြွရောက်တော်မူလာကြသည့် ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထူပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

 

လွှဲပြောင်းလက်ခံပွဲအပြီးတွင် ယာယီဂေါပကအဖွဲ့နှင့် ဂေါပကအဖွဲ့သစ်တို့သည် ပုပ္ပားတောင်ကလပ်သို့ သွားရောက်ကြပြီး မြေပြင်ရှိ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းများနှင့် အဆောက်အဦ မှတ်တမ်းများကို မျက်မြင်လွှဲပြောင်း ပေးအပ်/လက်ခံခဲ့ကြသည်။

 

အဆိုပါ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ လုပ်ငန်းတာဝန် လွှဲပြောင်း/လက်ခံပွဲသို့ မန္တလေးတိုင်းဒေသကြီး သံဃနာယ ကအဖွဲ့ အဖွဲ့ဝင်ဆရာတော် ဘန္တဒ္ဒ ဓမ္မာဝုဓ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘန္တဒ္ဒ သူရိယနှင့် အဖွဲ့ဝင်ဆရာတော်များ၊ မြို့နယ်သာသနာရေးမှူး ဦးကျော်ကျော်လွင်နှင့် ဝန်ထမ်းများ၊ ယာယီဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသာအေးနှင့် ဂေါပက အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့သစ် ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ ပုပ္ပားတောင်ကလပ် ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)