ကျောက်ပန်းတောင်း ၂၅ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် လွန်ခဲ့သည့်(၃)ရက်က မိုးသည်းထန်မှု ကြောင့်ကျောက်တုံးတစ်တုံးပြိုဆင်းကျမှုဖြစ်ပွားခဲ့၍ တောင်ထိပ်အနီးရှိအထက်သံလှေကားစောင်းတန်းမှအမိုးနှင့်သံတန်းများ ပျက်စီးမှုဖြစ်ပွားခဲ့ရာ၊တောင်ကလပ်ဂေါပကအဖွဲ့မှ အပျက်အစီးများ ရှင်းလင်းဖယ်ရှားမှုများနှင့် ပြုပြင်မှုများ ဆောင်ရွက်ခဲ့ သဖြင့် ယင်းနေ့ မွန်းလွဲပိုင်းမှာပင် ရှင်းလင်းမှုများဆောင်ရွက်ခဲ့သဖြင့် ယခုအခါ ဘုရားဖူးပြည်သူများ အန္တရာယ်ကင်းရှင်းစွာ တက်ရောက်လျှက်ရှိနေပြီဖြစ်သည်။
ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် စက်တင်ဘာ(၂၃)ရက်နေ့ နံနက် ၀၀ နာရီ ၁၅ မိနစ်က မိုးများ သည်းထန်စွာရွာသွန်းခဲ့သဖြင့် ယင်းနေ့ နံနက် ၅ နာရီခွဲခန့်တွင် တောင်ကလပ်တောင်ထိပ်အနီးရှိ ဒုတိယသံလှေကားအ ထက် ပေ(၆၀)ခန့်အမြင့်မှ လုံးပတ်(၅)ပေခန့်ရှိ မြင်းသီလာကျောက်(ခေါ်)မြင်းသီတာကျောက် တုံးတစ်တုံးပြိုဆင်းကျမှုဖြစ် ပွားခဲ့ရာ သံလှေကားအထက်မှစောင်းတန်းအမိုး ၅ပေခန်း(၂)ခန်းပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ပြိုဆင်းကျလာသည့် ကျောက်တုံးနှင့် အမိုးသံတန်း အပျက်အစီးများကို တောင်ကလပ်ဂေါပကအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ အနီးကပ်ကြီးကြပ်၍ တောင်ကလပ် လုံခြုံရေး အဖွဲ့ဝင်များ၊ သန့်ရှင်းရေးလုပ်သားများ၏ စုပေါင်းကူညီမှူဖြင့် ဖယ်ရှားရှင်းလင်းမှုများဆောင်ရွက်ခဲ့ရာ ယင်းနေ့ မွန်းတည့်ချိန်တွင်ရှင်းလင်းမှုလုပ်ငန်းများပြီးစီးခဲ့ပြီး၊ ဘုရားဖူး ပြည်သူများ အန္တရယ်ကင်းစွာ သွားလာနိုင်ပြီဖြစ် ကြောင်းသိရသည်။
စောင်းတန်းအမိုးပြန်လည်ပြုပြင်မှုလုပ်ငန်းများကို(၃) ရက်အတွင်း အပြီးပြန်လည်ပြုပြင်သွားရန် စီစဉ်ထားသော်လည်း မိုးရွာသွန်းမှု မပြတ်သဖြင့် လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိခြင်းကြောင့် အမိုးအကာ ပြန်လည်တတ်ဆင်နိုင်ခြင်း မရှိသေးသော်လည်း ဘုရားဖူးပြည်သူများ စိတ်လက်အေးချမ်းစွာနှင့် အန္တ ရယ်ကင်းရှင်းစွာ တက်ရောက်နိုင်အောင်စီစဉ်ထားပေးပြီး မိုးရွာသွန်းမှုပြတ်ပါက စောင်းတန်းအမိုးနှင့်အကာအရံများ ဆောလျင်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)



