ကျောက်ပန်းတောင်း ၁၇ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် တောင်ကလပ်ပတ်ဝန်းကျင်အား သန်ရှင်းသာယာလှပသော သဘာဝပတ်ဝန်းကျင်ကောင်းဖြစ်စေရန်အတွက် တောင်ကလပ်လူငယ်များဖြင့် စုဖွဲ့ထားသည့် ငြိမ်းချမ်းရေးပရဟိတ အမှိုက်ကောက်အဖွဲ့မှ အပတ်စဉ်သန့်ရှင်းရေး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်က တောင်ကလပ်အဝင်လမ်းနှင့် တောင်ခြေတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
ငြိမ်းချမ်းရေးပရဟိတ အမှိုက်ကောက်အဖွဲ့သည် နံနက်(၇)နာရီမှစတင်၍ ရေဝန်းခြံ၊ အောင်သိဒ္ဓိကုန်းအဆင်းလမ်းများ၊ တောင်ကလပ်ခြေရှိ ဆင်နှစ်ကောင်စောင်းတန်းနှင့် စားသောက်ဆိုင်တန်းများ၊ ပတ္တမြားစောင်းတန်းတစ်လျှောက်ရှိ အမှိုက်များကို အဖွဲ့ဝင်အားအင်(၃၀)ဦးဖြင့် စုပေါင်းကောက်ယူသိမ်းဆည်းကြပြီး အမှိုက်သယ်ယာဉ်ဖြင့် သတ်မှတ်နေရာအရောက် (၂)ခေါက် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါငြိမ်းချမ်းရေးပရဟိတ အမှိုက်ကောက်အဖွဲ့ကို မြို့နယ်သံဃနာယက ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူ၍ ဖွဲ့စည်းထားခြင်းဖြစ်ပြီး တောင်ကလပ် ဂေါပကအဖွဲ့ဝင်လူကြီးများ၊ ဒေသခံရပ်မိရပ်ဖများ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
အမှိုက်ကောက်သန့်ရှင်းရေးကို အပတ်စဉ်ဆောင်ရွက်လျက်ရှိပြီး ခရီးသွားပြည်သူများ ဝင်ထွက်သွားလာမှုများသည့် ကာလများတွင် သီးခြားစုဖွဲ့ဆောင်ရွက်ခြင်းနှင့် အခြားလေ့လာရေးခရီး လာရောက်ကြသည့် ပရဟိတအသင်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကိုလည်း အခါအားလျော်စွာ လုပ်ဆောင်ပေးလေ့ရှိကြောင်း အဖွဲ့ဥက္ကဋ္ဌဖြစ်သူ ကိုပြည့်ဖြိုးအောင်ထံမှ သိရသည်။
နေအောင် (ပြန်/ဆက်)


