မန္တလေး ၂၆ အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီးအတွင်း ပုပ်သိုးကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ကိုဗစ်ပိုးရှိမရှိ ဦးစားပေး စစ်ဆေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သတင်းထုတ်ပြန်ထားသည်။

 

သေဆုံးပျက်စီးလွယ်သည့် ငါး၊ ပုဇွန်၊ ဂဏန်း၊ ကြက်ပေါက်၊ ဆိတ်၊ ဝက်၊ နွား၊ ပန်းမန်၊ သီးနှံများ တင်လာသည့် ကုန်တင်ယာဉ်မောင်း ယာဉ်နောက်လိုက်များကို ဦးစားပေး စစ်ဆေးသွားရန် မန္တလေးတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို အားလုံးကို အကြောင်းကြား ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

မန္တလေးတိုင်းဒေသကြီး နယ်နိမိတ်အတွင်း ဝင်ထွက်သွားလာနေသော ကုန်တင်ယာဉ်များကို အစဉ်လိုက် စစ်ဆေးရာတွင် ပုပ်သိုးလွယ်ကုန်ပစ္စည်းများမှာ ပျက်စီးဆုံးရှုံးမှု ရှိနိုင်သဖြင့် ဦးစားပေးအဖြစ် စစ်ဆေးခံခွင့် ရရှိမည်ဖြစ်သည်။

 

မန္တလေးတိုင်းဒေသကြီးသို့ဝင်ရောက်လာသည့်ကုန်စည်ပို့ဆောင်ရေး ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Test Kit များဖြင့် အောက်တိုဘာလ ၂ရက်မှစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့သည်။

 

လက်ရှိမန္တလေးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးပြည်နယ်များနှင့် ဆက်စပ်နေသော လမ်းဆုံလမ်းခွဖြစ်သည့်အတွက် ဂိတ်(၁၀)ခုမှ COVID ပိုးရှိမရှိ စစ်ဆေးပေးနေကြောင်း သိရသည်။

 

ဖြိုးအိ