ဟင်္သာတ စက်တင်ဘာ ၁၁

 

ဧရာဝတီတိုင်းဒေသကြီးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား တိုင်း ၉ မှ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး၊ ကုန်ကျစရိတ်သက်သာစေရေးနှင့် မိမိတို့သွားလိုရာသို့ အချိန်တိုအတွင်း သွားလာနိုင်ရေးအတွက် ပုသိမ် - ဟင်္သာတ - ကြံခင်း ၁၈၁ အဆန် အမြန်ရထားနှင့် ၁၈၂ အစုန် အမြန်ရထားများကို စက်တင်ဘာ ၁၁ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေကြောင်း သိရသည်။

 

ယနေ့တွင် ကြံခင်းဘက်မှ ပုသိမ်သို့ ၁၈၂ အစုန်ရထားသည် ကြံခင်းဘူတာမှ ခရီးသွားပြည်သူများကို တင်ဆောင်၍ နံနက် ၆ နာရီ စတင်ထွက်ခွာလာပြီး ဟင်္သာတဘူတာသို့ ၁၀ နာရီတွင် ရောက်ရှိခဲ့ရာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချမ်းငြိမ်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရုံပိုင်ကြီး ဦးအေးမင်းဦးနှင့် မီးရထားဝန်ထမ်းများ၊ ပြည်သူများက ကြိုဆိုခဲ့ကြပြီး ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများက ၁၈၂ အစုန်အမြန်ရထား စက်ခေါင်းအမှတ် DF-1261 အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကာ မီးရထားစီး ခရီးသွားပြည်သူများကို နှာခေါင်းစည်း Mask များ၊ ရေသန့်ဘူးနှင့် မုန့်များ ဝေငှပေးခဲ့ကြသည်။

 

အဆိုပါ ၁၈၂ အစုန်အမြန်ရထားသည် ပုသိမ်ဘက်သို့ လိုက်ပါမည့် ခရီးသွားပြည်သူ ၁၂၃၈ ဦးတို့ကို တင်ဆောင်လျက် ပုသိမ်ဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

ကိုဇော်(ဟင်္သာတ)