ပုသိမ် - ကံကုန်း - မြင်းကဆိပ် - မြောင်းမြလမ်းပေါ်ရှိ ပမ္မဝတီတံတားအား တံတားခံနိုင်ဝန်တန် (၆၀)သို့ အဆင့်မြှင့်တင် တည်ဆောက်သွားမည်

ပုသိမ်၊ ၁ ဇွန်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ် - ကံကုန်း - မြင်းကပ်ဆိပ် - မြောင်းမြလမ်းပေါ်ရှိ ပမ္မဝတီတံတားသည် မြောင်းမြမြို့နှင့် ပုသိမ်မြို့ကို ဆက်သွယ်ပေးထားသည့် အဓိကတံတားဖြစ်သည်။

မူလ ပမ္မဝတီတံတား(မြင်းကဆိပ်) ကြိုးတံတား တံတားခံနိုင်ရည်အား ကျဆင်းလာပြီဖြစ်သည့်အတွက် တံတားအဟောင်းအားဖြုတ်ပြီး (Steel Box Girder) သံကူကွန်ကရစ်ကြမ်းခင်းအဖြစ် အဆင့်မြှင့်တင် တည်ဆောက်သွားမည်ဖြစ်သည်။

အဆိုပါတံတားအား စတင်ဖွင့်လှစ်စဉ်က ၃၅ တန်အထိ ဖြတ်သန်းသွားလာနိုင်ပြီး ယခုအခါ တံတားမှာ ခံနိုင်ရည်အားကျဆင်းလာပြီး (ယဉ်/ကုန်) စုစုပေါင်း ၁၆ တန်အထိသာ ဖြတ်သန်းသွားလာနိုင်သည့်အတွက် တံတား၏ ပင်မတံတားအရှည် (၅၄၀)ပေ အပိုင်းအား (ယဉ်/ကုန်) စုစုပေါင်းတန် ၆၀ ဖြတ်သန်းသွားလာနိုင်မည့် (Steel Box Girder) သံကူကွန်ကရစ်ကြမ်းခင်းအဖြစ် အစားထိုး အဆင့်မြှင့်တင် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ခရီးသွားပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် မြစ်ကူး ဇက်ရေယာဉ်များဖြင့် စီစဉ်ဆောင်ရွက်ပေးထားကြောင်း တံတားတည်ဆောက်ရေးတာဝန်ခံ၏ ပြောပြချက်အရ သိရှိရသည်။

ပမ္မဝတီတံတားကို တံတားအထူးအဖွဲ့ (၁၅)က တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး စီမံကိန်းတန်ဖိုးအနေဖြင့် ၆၆၀၀ သန်းဖြစ်ကာ ၂၀၂၂ ခုနှစ် မေလအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပမ္မဝတီတံတား(မြင်းကပ်ဆိပ်)တံတား အဆင့်မြှင့်တင် တည်ဆောက်ခြင်းပြီးစီးသွားပါက ဒေသခံပြည်သူများ ယခင်ကထက် လျင်မြန်ချောမွေ့စွာ ကူးသန်းသွားလာနိုင်မည်ဖြစ်ပြီး လူမှုစီးပွားဘဝ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ- မောင်မောင်မြင့် (ပြန်/ဆက်)