မင်းဘူး  ၁၈   ဇွန်

 

မင်းဘူးခရိုင် ၊ မန်းရွှေစက်တော်ဘုရားသို့သွားရာ ပုသိမ်-မုံရွာကားလမ်းပေါ်ရှိ မန်းချောင်းဖြတ်ကူး ဥယျာဉ် တံတားအား သံဘောင်တပ် ဘေလီတံတားအဆင့် မှ ကွန်ကရစ်တံတားကြီးအဖြစ် အဆင့်မြှင့် တင် တည်ဆောက်လျက်ရှိပြီး တည်ဆောက်ရေးလုပ်ငန်း ၉၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း တံတားအထူးအဖွဲ့(၅)ဒုတိယညွှန်ကြားရေးမှူး DSE ဦးအောင်ညို ထံမှ သိရသည်။

 

 “ တံတားတည်ဆောက်ရေးလုပ်ငန်းက ပြီးသွားပါပြီ။ လမ်းအထူး-၁၁ အဖွဲ့က ကတ္တရာခင်းပြီးရင် ကားဖြတ်လို့ ရပါပြီ။ အပြီးသတ် ဆေးသုတ်တာ ၊ တံတားအောက် ရေလမ်းကြောင်း ရှင်းတာ ၊ လမ်းလွှဲ ပေးထားတဲ့ ဘေလီဖြုတ်ဖို့တို့ပဲ ကျန်ပါတော့တယ်။ ၉၈ရာခိုင်နှုန်းကျော် ပြီးပြီလို့ ပြောလို့ရပါတယ်။ တိုင်းဒေသကြီးအစိုးရထံ ဖွင့်ခွင့်တောင်းပြီး ပြန်ဖွင့်တော့မှာပါ  ” ဟု  DSE ဦးအောင်ညို က ပြောသည်။

 

တည်ဆောက်နေသည့် တံတားကြီးမှာ အရှည်(၄၂၀)ပေ၊ တစ်ဖက်စီတွင် လူသွားလမ်း အကျယ် (၃)ပေနှင့် တံတား အမြင့် (၁၅)ပေရှိကြောင်း ၊ မူလသံဘောင်တပ်ဘီလီတံတားမှာ ယာဉ်သွားလမ်း အကျယ် ၁၂ သာရှိပြီး သံကူကွန်ကရစ်တံတား အဖြစ် အဆင့်မြှင့်တင်သည့်အခါ ပေ(၁၀ဝ)ခန်း(၃)ခန်း နှင့် ပေ(၆၀)ခန်း(၂)ခန်း တံတားတိုင်တွေများကို အားဖြည့်တည်ဆောက်ခဲ့သည့်အတွက် ယာဉ်သွားလမ်း အကျယ်(၂၄)ပေထိ ကျယ်ဝန်းလာကြောင်း သိရသည်။

 

ချဉ်းကပ်လမ်း အပါအဝင် တံတားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း ၉၀ဝ ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး မိုးတွင်းကာလ မန်းချောင်းရေတက်သည့်အခါတွင်လည်း ယခင်တံတားထက် ပိုမိုခိုင်ခံသည့်တံတားကို အများပြည်သူများအသုံးပြုနိုင်မည်ဖြစ်ကြောင်း တံတားအထူးအဖွဲ့(၅) မှ သိရသည်။

                       

ဇေယျတု(မကွေး)