ပုသိမ် ၂၄ ဇွန်

 

ပုသိမ်တံတား အမှတ်(၂) သည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မဟာဗန္ဓုလလမ်းနှင့် ငဝန်မြစ်တစ်ဖက်ကမ်းရှိ ရပ်ကွက်(၉)နှင့် ရပ်ကွက်(၁၀)ကို ဆက်သွယ်ထားသော ပေ (၂၃၈၀) ရှိ တံတားတစ်စင်းဖြစ်ပါသည်။ ပုသိမ်မြို့တွင် ရပ်ကွက် (၁၅) ရပ်ကွက်ရှိပြီး ရပ်ကွက် (၉) နှင့် ရပ်ကွက် (၁၀) မှာ ငဝန်မြစ် တစ်ဖက်ကမ်းတွင် တည်ရှိသဖြင့် သွားရေးလာရေးခက်ခဲ‌နေခြင်းဖြစ်ပါသည်။ ပုသိမ်တံတား အမှတ် (၂) ကို တံတားအထူးအဖွဲ့ (၁၆) မှ တာဝန်ယူတည်ဆောက်လျက်ရှိရာ ယခုအခါ တံတားတစ်စင်းလုံးတည်ဆောက် ပြီးစီးမှု (၉၃) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရပါသည်။ ပုသိမ်တံတား ပင်မတံတားအရှည်မှာ ၁၀၈၂ ပေ ၆ လက်မ၊ ချဉ်း ကပ်တံတား ပုသိမ်ဘက်ကမ်းမှာ ၅၇၂ ပေ ၆ လက်မ ၊ စိန်ကုန်းဘက်ကမ်း မှာ ၇၂၅ ပေရှိပြီး စုစုပေါင်း တံတား အရှည်မှာ ပေပေါင်း ၂၃၈၀ ပေ ရှည်လျား‌ကြောင်း သိရပါသည်။ ယာဉ်သွားလမ်း အကျယ် (၂၈) ပေ လူသွားလမ်းအကျယ် တစ်ဖက် (၅‌) ပေစီးရှိြပီး တံတားခံနိုင်ဝန်မှာ (၇၅) တန်ရှိ‌ကြောင်း သိရပါသည်။

 

အဆိုပါ တံတားကြီးကို ၂၇-၁၀-၂၀၁၈ ရက်နေ့က တံတား အထူးအဖွဲ့(၁၆) က အင်ဂျင်နီယာမှူး ဒေါ်သစ်သစ်အောင်နှင့်အဖွဲ့က တာဝန်ယူဆောင်ရွက်ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် လုပ်ငန်းအပြီးသတ်ဆောင်ရွက်မည် ဖြစ်‌ကြောင်း သိရပါသည်။ တံတားပြီးစီးသွားပါက တစ်ဖက်ကမ်းရှိ ဒေသခံပြည်သူများ ပုသိမ်ဖက်ကမ်းသို့ အလွယ်တကူ သွားလာနိုင်တော့မည်ဖြစ်ပြီး လူမှုစီးပွားဘဝများလည်း တိုးတက်လာတော့မည် ဖြစ်ပါသည်။

 

#MRTV