ပုသိမ်စက်မှုဇုန်၌ အာမခံအလုပ်သမားများသို့ လူမှုဖူလုံရေးထောက်ပံ့ငွေ  ၄၀ ရာခိုင်နှုန်းပေးအပ် 

ပုသိမ်    ၂၂   မေ

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ပိတ်သိမ်းထားခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှ စစ်ဆေးချက်နှင့်အညီ ဧပြီ ၇ ရက်နေ့မှစ၍ ပုသိမ်စက်မှုဇုန်၌ စက်ရုံပေါင်း (၉) ရုံ ပြန်လည်ဖွင့်လှစ်ခဲ့သည်။ 

ယနေ့ မွန်းလွဲ ၁ နာရီ၌ ပုသိမ်စက်မှုဇုန်ရှိ Dong Long အထည်ချုပ်စက်ရုံရှိ အာမခံ အလုပ်သမား ၂၃၂၃ ဦးအတွက် လူမှုဖူလုံရေး ထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်းအတွက် ငွေကျပ် ၆၇၁၁၀၄၀ဝ ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာစိုးဝင်း က စက်ရုံလုပ်ငန်းညှိနှိုင်းမှုကော်မတီ (WCC) အဖွဲ့ဝင်များသို့ ပေးအပ်သည်။ 

ကိုဗစ် -၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရန် ပိတ်သိမ်းခဲ့ကြောင်း၊ စစ်ဆေးရေးအဖွဲ့များ၏ သတ်မှတ်ချက်များနှင့်ကိုက်ညီ၍ ပုသိမ်စက်မှုဇုန်တွင် စက်ရုံပေါင်း (၉) ရုံ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ယခုအာမခံ အလုပ်သမားများလစာ၏ လူမှုဖူလုံရေးထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်းပေးအပ်ခြင်းသည် ပထမဆုံး ပေးအပ်သည့် စက်ရုံဖြစ်ကြောင်း၊ အခြားစက်ရုံများလည်း တင်ပြထားပြီးဖြစ်၍ ခွင့်ပြုငွေရရှိပါက ချက်ချင်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒေါ်လွင်လွင်မြင့် က ပြောသည်။ 

ကိုတွတ်(ပြန်/ဆက်)