ပုသိမ် ၁၃ ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်အတွင်းရှိ လေလံတင်ရောင်းချရန် ကျန်ရှိနေသေးသည့် လက်ကျန်အင်းပေါင်း (၇၁)အင်းနှင့် တင်ဒါချက် (၃၅၂)ချက်တို့ကို လာမည့် ဇွန် ၁၆ ရက်တွင် တတိယအကြိမ်အဖြစ် လေလံတင်ရောင်းချရန် လေလံကြော်ငြာပြီးဖြစ်ကြောင်း၊ လေလံရောင်းချရာတွင် ဦးစားပေးစနစ် ထားရှိခြင်းမရှိဘဲ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရေချို ငါးလုပ်ငန်းဥပဒေနှင့်အညီ ဈေးပြိုင်စနစ်ဖြင့် ရောင်းချခြင်းဖြစ်ကြောင်း ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးမှူးရုံးမှ သိရသည်။

 

“၂၀၂၀-၂၀၂၁ ခုနှစ် အင်းရာသီအတွက် အင်းပေါင်း (၁၅၉)အင်းနှင့် တင်ဒါချက် (၄၈၂)ချက်တို့အနက်မှ အင်း(၈၈)အင်းနှင့် တင်ဒါချက် (၁၃၀)တို့ကို မေ ၂၁ ရက်နှင့် ဇွန် ၃ ရက်တို့တွင် လေလံတင်ရာင်းချခဲ့ရာ ငွေကျပ် ၁၁၆၈ သိန်းကျော် ရရှိခဲ့ပါတယ်။ ဈေးပြိုင်စနစ်နဲ့ ရောင်းချတဲ့နေရာမှာ အင်းသူကြီးများကိုလည်း မိမိစိတ်ဆန္ဒရှိသလောက်သာပေးဖို့၊ မမျှတတဲ့ တန်ဖိုးအမြင့်တွေပေးပြီးတော့ လုပ်ငန်းလုပ်ရာမှာ အခက်အခဲတွေရှိမှာကိုလည်း မလိုလားပါဘူး။ မိမိပေးနိုင်တဲ့ဈေးသာ ပေးဖို့နဲ့  နိုင်ငံတော်အတွက်လည်း အခွန်ရ မိမိလဲလုပ်ငန်းလုပ်လို့ရတဲ့ အနေအထားတွေကို ချင့်ချိန်ပြီးတော့ ဈေးပေးဆွဲကြစေလိုပါတယ်”ဟု ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးနိုင်က ပြောသည်။

 

ယခုရာသီအချိန်သည် ငါးရစ် ငါးသန်ကာလဖြစ်သောကြောင့် လေလံမတိုင်မီအချိန်ကပင် အင်းသူကြီးများ ရေလုပ်သားများကို ငါးရစ် ငါးသန်နှင့်ပတ်သက်၍ ထိန်းသိမ်းကြရန် တရားမဝင် ဘက်ထရီရှော့တိုက်ခြင်း၊ အဆိပ်ချခြင်း၊ ဆေးချငါးဖမ်းခြင်းမျာကို ကိုယ်တိုင်လည်းမပြုလုပ်ကြရန်နှင့် ပြုလုပ်သည်များ တွေ့ရှိပါကလည်း တားမြစ်ပေးရန်၊ ဝိုင်းဝန်းဖမ်ဆီးပေးရန် ပန်ကြားထားကြောင်း၊ တရားမဝင်နည်းလမ်းများ အသုံးပြုသည်ကို စစ်ဆေးတွေ့ရှိပါက ရေချိုငါးလုပ်ငန်းဥပဒေဖြင့် ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

 

ပုသိမ်ခရိုင်အတွင်း အင်းပေါင်း(၃၃၁)အင်းရှိပြီး ၂၀၁၉-၂၀၂၀ ခုနှစ် အင်းရာသီက ကြေးတိုင်အင်း(၇၀)၊ လေလံအင်း(၁၆၁)အင်း၊ အစုအဖွဲ့အင်း(၇၀)၊ သီသန့်အင်း(၁)အင်း၊ ဘုံရေပြင်အင်း(၈)အင်းတို့ကို လုပ်ကိုင်ခွင့်ချထားပေးခဲ့ပြီး မရောင်းချရသည့်အင်းပေါင်း (၂၁)အင်းရှိကြောင်း၊ အင်းလုပ်ပိုင်ခွင့်ရရှိသည့် အချိန်သည် နှစ်စဉ် တော်သလင်းလဆန်း (၁)ရက်နေ့မှ တပေါင်းလကုန်အထိ ငါးဖမ်းဆီးခွင့်ပြုထားကြောင်း ပုသိမ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

မြင့်ဟန် (ပုသိမ်ခရိုင် ပြန်/ဆက်)