နေပြည်တော်၊ ဒီဇင်ဘာ ၁၆
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၂ ရက် နံနက် ၁၁ နာရီခွဲတွင် ပုသိမ်ကြီးမြို့နယ်၊ နန်းဦးလွင်ကျေးရွာအုပ်စု၊ နန်းဦးလွင်ကျေးရွာရှိ စိုင်းမြတ်သူ (ခ) ဂျပု၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၂၀,၀၀၀ ၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၁ ဒသမ ၆၁ ကီလို၊ ကက်တမင်း သုည ဒသမ ၉ ကီလို၊ အက်တက်စီဆေးပြား ၅၀၀၊ ဘိန်းဆီခဲ သုည ဒသမ ၀၈ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား အကြေမှုန့် သုည ဒသမ ၃၅ ကီလိုတို့ကိုလည်းကောင်း။
ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင်ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ နန့်ပန်တက် ကျေးရွာအနီးတွင် ကလောဘက်မှ မိတ္ထီလာဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်မော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဝေလင်းအောင် (ခ) ရှမ်းလေးထံမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၄ ဒသမ ၂ ကီလို၊ အက်တက်စီဆေးပြား ၅၆၀၊ Happy Water သုည ဒသမ ၈၃ ကီလိုနှင့် ဘိန်းဆီခဲ ၁ ကီလိုကိုလည်းကောင်း။
ဒီဇင်ဘာ ၁၅ ရက် ည ၇ နာရီခွဲတွင် ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ယန်းကျောက် ကျေးရွာအနီးတွင် စောနိုင်စိုး မောင်းနှင်ပြီး ကျဝ (ခ) ကျဖေ့ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀,၀၀၀၊ ဘိန်းစိမ်း ၂ ဒသမ ၅ ကီလို ကိုလည်းကောင်း။
ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၇၁) ရပ်ကွက်တွင် အေးနိုင် မောင်းနှင်ပြီး မြင့်လှိုင် (ခ) မြင့်မိုရ် လိုက်ပါလာသည့် TOYOTA PROBOX အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား


