နေပြည်တော်၊ ၂၆ ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ငွေကျပ် ၆ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်များ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၅ ရက် နံနက် ၁၀ နာရီခွဲက ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ (၁၆)မိုင်ပူးပေါင်း စစ်ဆေးရေးစခန်းတွင် မူဆယ်မှ မန္တလေးသို့ မောင်းနှင်လာသည့် ၆ ဘီး မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးစဉ် ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင် သွားပြီး ယာဉ်ပေါ်၌ တားမြစ်ကန့်သတ်ကုန်ပစ္စည်းများ ပါရှိသဖြင့် အဆိုပါယာဉ်အား ပြည်ကြီးတံခွန်မြို့နယ်၊ အကောက်ခွန်ဦးစီးဌာနမှူးရုံးသို့ မောင်းနှင်ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ အသေးစိတ်ရှာဖွေခဲ့ရာ အိုက်စ် ၃၄၃ ကီလို သိမ်းဆည်းရမိသည်။

စုံစမ်းစစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၃ နာရီခွဲခန့်တွင် ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်း ရပ်ကွက် ၅၂ လမ်းနှင့် လမ်း ၁၂၀ ကြားတွင် ရဲစိန်အား လည်းကောင်း၊ ညနေ ၄ နာရီခန့်တွင် ပြည်ကြီး တံခွန်မြို့နယ်၊ စက်မှု(၂)ရပ်ကွက်၊ လမ်း ၆၀ နှင့် ၆၁ လမ်းကြား၊ အမှတ်(၁၄၀)တွင် ယာဉ်မောင်း သန်းစိုး အားလည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ယင်းတို့အား ဥပဒေအရအမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

သတင်းစဉ်