မန္တလေး ၃၀ ဇူလိုင်

Covid -19 ရောဂါကြောင့် ထိခိုက်မှုဖြစ်ပွားခဲ့သည့် လုပ်ငန်းများ၏ စီးပွားရေး သက်ရောက်မှုများအတွက် စီးပွားရေး ကုစားမှုအစီအစဉ် CERP အရ  ပုသိမ်ကြီးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက ကောက်စိုက်စက်များကို အသုံးပြုကာ ရှင်တော်ကုန်းကျေးရွာအုပ်စုရှိ ဘက်စုံအဆင့်မြင့်သုံး လယ်ယာများတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးလျက်ရှိကြောင်း သိရသည်။

 

“ကောက်စိုက်စက်အသုံးပြုရတဲ့အတွက် အဆင်ပြေပါတယ်၊ အခုလိုကာလမှာ ကောက်စိုက်လုပ်သားရှားပါလာတော့ အခက်အခဲရှိတယ်၊ ပြီးတော့ ကောက်စိုက်သမားတွေနဲ့ စိုက်ပျိုးရာမှာလည်း  အချို့နေရာတွေကြတော့ ကြဲတာတွေ၊ စိတ်တိုင်းမကျတွေရှိတယ်၊ ကောက်စိုက်စက်ကတော့ ကြိုက်တဲ့ရက် ကြိုက်တဲ့အချိန် စိုက်လို့ရတယ် ပျိုးကုန်လည်း သက်သာပါတယ်။ ကောက်ကွက်စိတ်တိုင်းကျရတယ်၊ ဒီနှစ် စိုက်တာကိုကြည့်ပြီး ကျန်တဲ့လယ်သမား တော်တော်များများလည်း  လာမယ့်နွေစပါးမှာ စက်နဲ့စိုက်ချင်တဲ့သူတွေ တော်တော်များများ ရှိလာကြပါတယ်” ဟု ရှင်တော်ကုန်းကျေးရွာ မှ စပါးစိုက်တောင်သူ ဦးမြစိန် က ပြောကြားသည်။

 

“ပုသိမ်ကြီးမြို့နယ် ရှင်တော်ကုန်းကျေးရွာအုပ်စုက စနစ်ကျလယ်မြေပေါ်မှာ ကောက်စိုက်စက်နဲ့ စိုက်ပျိုးပေးနေတာ ဖြစ်ပါတယ်၊ Covid-19 ကပ်ရောဂါကြောင့် ထိခိုက်သွားတဲ့ တောင်သူတွေကို အထိုက်အလျောက် သက်သာစေဖို့ မြေယာတွေ ထွန်ယက်ပေးတာ၊ ကောက်စိုက်စက်နဲ့ စိုက်ပျိုးပေးတာနဲ့ ကြားပေါင်းလိုက်စက်နဲ့ ကြားပေါင်း လိုက်ပေးတာတွေရှိသလို ရိတ်သိမ်းခြွေလှေ့စက်နဲ့ ရိတ်သိမ်းခြွေလှေ့ပေးခြင်းတွေကို ကူညီဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်၊  Cash For Work စီမံကိန်းအရ ဆင်းရဲနွမ်းပါးတဲ့ အိမ်ထောင်စုတွေက မိသားစုတွေ အလုပ်အကိုင် ရရှိကြပြီး တစ်ဖက်တစ်လမ်းက ဝင်ငွေရရှိစေကြမှာပဲဖြစ်ပါတယ်၊ အခုလို စက်ကိရိယာနဲ့ လယ်ယာမြေမှာ သုံးစွဲပေးတာကြောင့် တောင်သူတွေပါ စက်ကိရိယာသုံးစွဲမှု အလေ့အထ ကောင်းတွေရလာမှာ ဖြစ်ပါတယ်” ဟု ပုသိမ်ကြီးမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၈၀) စက်မှုလယ်ယာစခန်းမှ မြို့နယ်ဦးစီးဌာနမှူး ဦးကျော်ထင်က ပြောကြားသည်။

သန်းဇော်မင်း(ပြန်/ဆက်)