မန္တလေး၊ ဩဂုတ်၂

 

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အသက် (၆၅) နှစ်နှင့်အထက်ရှိသူများအား ယနေ့တွင် အဆိုပါမြို့နယ်ရှိ ကျောက်မီးကျေးရွာ ဓမ္မာရုံ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့သည်။

 

ပုသိမ်ကြီးမြို့နယ်တွင် ကျေးရွာအုပ်စု (၅၈) ခုနှင့် လူဦးရေ ၂၁၄၀၀၀ ခန့်ရှိပြီး ၎င်းတို့အနက် (၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုဦးရေမှာ ၁၂၆၁၀ ဦးရှိကြောင်းနှင့် ယခုကာကွယ်ဆေးကို မြို့နယ်အတွင်း စုရပ် (၅) နေရာခွဲကာ ယနေ့တွင် သုံးရက်မြောက်နေ့အဖြစ် ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးကပြောသည်။

 

“ကျွန်တော်တို့ပုသိမ်ကြီးမြို့နယ်မှာ (၆၅) နှစ်နဲ့အထက်  သက်ကြီးရွယ်အိုတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးနေတာ သုံးရက်မြောက်ရှိပါပြီ စုစုပေါင်းလူဦးရေ (၉၀၀) ဦးထိုးပေးမှာ ဖြစ်ပါတယ် ဒီကာကွယ်ဆေး ထိုးလုပ်ငန်းကို ကျွန်တော်တို့ ဌာနဆိုင်ရာတွေအနေနဲ့ ကျန်းမာရေးဌာနနဲ့ ပူးပေါင်းပြီး အားစိုက်ဆောင်ရွက်ပေးနေပါတယ် ဒါပေမယ့် မြို့နယ်အတွင်းက တချို့ကျေးရွာတွေမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ဆေးထိုးရမှာကို ကြောက်နေကြတဲ့အတွက် စာရင်းကောက်ရတာ အခက်အခဲရှိပါတယ် ဒါကြောင့် ဒီလုပ်ငန်းပိုပြီး အောင်မြင်ဖို့အတွက် ပြည်သူတွေကလည်း ပါဝင်ပေးဖို့လိုပါတယ်” ဟုပြောသည်။

 

mdn

 

ထို့ပြင် အဆိုပါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ပုသိမ်ကြီးမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်သူဇာအောင်ကလည်း “ပုသိမ်ကြီးမြို့နယ်မှာ (၆၅) နှစ်နဲ့အထက် ရှိသူတွေကို မနက် (၉) နာရီမှ နေ့လည် (၁၂) နာရီထိ ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်၊သူတို့တွေ ထိုးပြီးသွားရင်  သံဃာတော်တွေနဲ့ သီလရှင်တွေ ဈေးသူဈေးသားတွေ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေနဲ့ ပရဟိတ ဆောင်ရွက်နေသူတွေစသဖြင့် ထိုးပေးသွားမှာဖြစ်ပါတယ်။ ဒီကာကွယ်ဆေးက ရောဂါကို ၇၉ ရာခိုင်နှုန်းကျော်အထိ ကာကွယ်နိုင်စွမ်းရှိတယ်လို့သိရပါတယ် ” ဟု ပြောသည်။

 

အသက် (၇၈) နှစ်အရွယ်ရှိ ကာကွယ်ဆေး လာရောက်ထိုးနှံသူ တစ်ဦးကလည်း “အခုလို ရောဂါတွေဖြစ်နေတဲ့ကာလမှာ ပိုက်ဆံတစ်ပြားမှ မကုန်ဘဲ ကျန်းမာရေးအတွက် လာပြီးစောင့်ရှောက်ပေးတာ ဝမ်းသာတာပေါ့ ကျေးဇူးလည်းတင်ပါတယ်။ အဘကတော့ ဒီကာကွယ်ဆေး ထိုးထားတဲ့အတွက် ကိုယ်နဲ့ကိုယ့်မိသားစုတွေကို ကူးစက်မှုမရှိနိုင်ဘူးလို့ ယုံကြည်ပါတယ်။ ရွာမှာ ကြောက်လို့ ဆေးမထိုးတဲ့သူတွေ အများကြီးရှိနေတယ်။ သူတို့တွေကို ကာကွယ်ဆေး လာရောက်ထိုးဖို့ တိုက်တွန်းရဦးမယ်” ဟုပြောသည်။

 

ကိုဗစ် - ၁၉ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်းသိရှိရသည်။

 

မန္တလေးတိုင်းဒေသကြီး အတွင်း၌ ဇူလိုင် ၃၁ ရက်မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား  အသက် (၆၅) နှစ်အထက်နှင့် ဦးတည်အုပ်စုများကို ဦးစားပေး အစီအစဉ်အလိုက် ဆေးရရှိမှုအပေါ် မူတည်ပြီး ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

 

မောင်အေးချမ်း

mdn