ပုသိမ်ကြီး၊   ၁၃   ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ ကွမ်းစိုက်တောင်သူများအနေဖြင့် ကွမ်းရွက်အထွက်နှုန်း နည်းသော်လည်း ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း  သိရသည်။

 

ဆောင်းရာသီဆိုတော့ ကွမ်းရွက်အထွက်နှုန်းက ထက်ဝက်လောက်ကျတယ်။ ကွမ်းရွက်ဈေးက တစ်ပိဿာ ကျပ် ၁၀ဝ၀ဝ အထက်မှာဖြစ်နေတော့ ကွမ်းစိုက်တောင်သူတွေ အဆင်ပြေကြတယ်။ နွေပေါက်လာရင်တော့ ကွမ်းရွက် အထွက်လည်း များလာမယ်။ ဈေးကလည်း ကျသွားမှာပါ။ အခုဈေးကတော့ ကွမ်းစိုက်တောင်သူတွေ အကြိုက်ပဲ ဟု   ရွာရှည်ကျေးရွာမှ ကွမ်းစိုက်တောင်သူ တစ်ဦးက ပြောပြသည်။

 

ကွမ်းပင်က စစိုက်တဲ့တစ်ခါပဲ အရင်းအနှီးများတာ၊ နောက်နှစ်တွေကြတော့ အရင်းသိပ်မကုန်တော့ဘူး။ ကွမ်းပင် ပျိုးထုပ်တစ်ထုပ် ကျပ် ၅၀ဝ/၆၀ဝ ကျပ် ပေးရတယ်။ ကွမ်းတစ်ပင်ကို ထောင်ဝါးနဲ့တန်းဝါး၊ ဝါးသုံးလုံးခန့်ကုန်တယ်။ ဝါးတစ်လုံးကို ငွေကျပ် ၇၀ဝ/၈၀ဝ ပေးရတာ။ တစ်ဧကကို ကွမ်းပင် ငါးထောင်ခန့် စိုက်ပျိုးပြီး ကွမ်းပင်က လယ်မြေ ကြိုက်တယ်။ တစ်နှစ်တစ်ခါ နွားချေးနဲ့ လယ်မြေ ရောထည့်ပေးရတယ်။ အပင်သန်ဆေးနဲ့ ပိုးသတ်ဆေးကတော့ လိုအပ်တဲ့အချိန် အသုံးပြုတယ်။ ကွမ်းပင်က ရေလည်း ကြိုက်တယ်။ ရေများရင်လည်း အပင်တွေ မဲကုန်တော့ ပေါင်တင်ပေးရတယ်။ လူကတော့ အမြဲတမ်းပြုစုနေရတာ၊  အပင်ကောင်းရင် တစ်နှစ်နှစ်ခါလောက် မြေကြီးထဲ အမြစ်ခွေပေးရတယ်။ ဒါမှ အပင်အပေါ် မတက်မှာ၊ အညွန့်ထွက်ချိန်ဆို ခွေလို့မရဘူး၊ တပေါင်းလလောက်မှာ ခွေကြတာ များတယ်။ အခုချိန်က ကွမ်းထွက် နည်းတယ်။ ၁၅ ရက်ခြား တစ်ခါခူးရတာ တစ်ဧကကို ပိဿာချိန် ၄၀/၅၀ လောက်ပဲထွက်တယ်။ မိုးရာသီဆိုရင် ၁၀ ရက်တစ်ခါ ခူးရတာ အချိန်လည်း ပိုထွက်တယ်။ ထွက်ရှိတဲ့ ကွမ်းရွက်တွေကို မန္တလေးမြို့ ကွမ်းရွက်ဒိုင်တွေက လာဝယ်တာရှိသလို သွားရောက်ပို့ဆောင်ရတာလည်းရှိကြောင်း၊ တစ်ပိဿာကို ငွေကျပ် ၁၁၀ဝ၀ ကျော် ရောင်းချရကြောင်း၊ မိုးတွင်းဆိုရင် ကွမ်းပေါတော့ တစ်ပိဿာ သုံးထောင်၊ လေးထောင် ကျပ်သာ ရောင်းချရကြောင်း၊ ခုချိန်က အထွက်နည်းသော်လည်း ဈေးကောင်းရ၍ ကွမ်းစိုက်တောင်သူများ အဆင်ပြေကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)