ပုသိမ်ကြီးမြို့နယ်မှ မကြာမီထွက်ရှိတော့မည့် ဆီးသီးများ တရုတ်ဈေးကွက်၌ ယခင်နှစ်က ဈေးနှုန်းအတိုင်းရရှိရန် မျှော်လင့်

မန္တလေး ဒီဇင်ဘာ ၆

 

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၌ စိုက်ပျိုးသော ဆီးခြံများမှ ဆီးသီးများ မကြာမီ ကာလတွင် ထွက်ပေါ်တော့မည်ဖြစ်၍ တရုတ်ဈေးကွက်၌ ယခင်နှစ်က ပေါက်ဈေးအတိုင်း ရရှိရန် ဆီးသီးစိုက် တောင်သူများက မျှော်လင့်ကြောင်း ပုသိမ်ကြီးမြို့နယ်မှ ဆီးခြံပိုင်ရှင် ဦးမြင့်ဆွေက ပြောသည်။

 

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး မြို့နယ်တချို့ရှိ ဆီးခြံများမှ ဆီးသီးများ စတင်ထွက်ရှိ၍ ဈေးကွက်အတွင်း ရောင်းချနေသော်လည်း တရုတ်ဈေးကွက်၌ လူကြိုက်များသည့် ပုသိမ်ကြီး ဆီးခြံများမှ ဆီးသီးများမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စတင် ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ပုသိမ်ကြီးကထွက်တဲ့ ဆီးသီးက စဉ့်ကိုင်ဆီးသီးတုံးချိန် စထွက်တော့ နောက်ဆွဲသီးဖြစ်တဲ့အတွက် ဈေးကောင်း ရတာပေါ့။ ဆီးသီးက ပေါပေါများများရှိပြီး ဈေးကွက် ရှိဖို့ပဲလိုတယ်။ ဇန်နဝါရီလလောက်မှာ မနှစ်က တရုတ်ဈေးကွက်မှာ ဆီးသီးတစ်ဖာကို ငွေကျပ် ၂၅၀၀၀ လောက် အမြတ်ရတယ်။ ဒီနှစ်မှာ တရုတ်လမ်းပိုင်းအခြေအနေ ခန့်မှန်းမရဖြစ်နေ လို့ လမ်းပိုင်းကောင်းသွားရင် မနှစ်ကဈေးနှုန်းရဖို့ မျှော်လင့်နေကြပါတယ် ဟု ၎င်းကပြောသည်။

 

ယခင်နှစ်က ဆီးသီးတစ်ဖာလျှင် တရုတ်ယွမ်ငွေ ၁၀၅ ယွမ်ဝန်းကျင် ဈေးကောင်း ရရှိသောကြောင့် စိုက်ပျိုးစရိတ်နုတ်ပြီး အမြတ်ငွေကျပ် ၂၅၀၀၀ ၀န်းကျင်ရရှိကြကြောင်း၊ တရုတ်ဘက်တင်ပို့သည့် ကုန်သည်များကိုယ်တိုင် ဆီးခြံများသို့ လာရောက်ဝယ်ယူကြရာ တရုတ်ငွေနှင့် ဈေးဖြတ်ဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။

 

မောင်အေးချမ်း