နေပြည်တော်  ၁၂ ဇွန် 


မူးယစ်တပ်ဖွဲ့စု(၁၇) မန္တလေး(မြောက်ပိုင်း)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၁၁ ရက် နံနက် ၃ နာရီက ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင် ကျောက်ချော စစ်ဆေးရေးစခန်းတွင် မျိုးသိန်း(ခ) ကိုမင်း မောင်းနှင်ပြီး ကိုကိုလေး လိုက်ပါလာသည့် Canter အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ဆာလာဖျူရစ် အက်ဆစ် ၁,ဝ၀ဝ လီတာ၊ လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။


ထို့နောက် ကွင်းဆက်အရ  "ရွှေတောင်ပေါ်" ကားဂိတ်၌ ဦးသန်းမြင့်ကို လည်းကောင်း၊ နံနက် ၉ နာရီတွင် မူးယစ်တပ်ဖွဲစု (၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များ ပါဝင်သောအဖွဲ့သည် လားရှိုးမြို့၊ အမှတ်(၁၂)ရပ်ကွက်၊ သိန်းနီလမ်းရှိ ကားပစ္စည်းအရောင်းဆိုင်ကို ဝင်ရောက်ရှာဖွေရာ စိုင်းရီမောင်(ခ) အိုက်မောင်ထံမှ ဆာလာဖျူရစ် အက်ဆစ် လီတာ ၄၀  ၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ မွန်းလွဲပိုင်းတွင် မူးယစ်တပ်ဖွဲ့စု(၁၇)မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ချမ်းအေးသာစံမြို့နယ်၊ ပါတ်ကုန်း ပျော်ဘွယ်ရပ်ကွက်၊ ၂၉ x ၃၀ လမ်းကြား၊ ၆၆ လမ်းပေါ်တွင် ကိုကိုဝင်း(ခ) ဟန်မက်ကူးမားအား TOWNACE PICKUP မော်တော်ယာဉ်နှင့်အတူ ဆာလာဖျူရစ်အက်ဆစ် လီတာ ၂၀  နှင့် လက်ကိုင်ဖုန်းတစ်လုံး တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။


အလားတူ ယင်းနေ့မွန်းလွဲ ၂ နာရီတွင် မူးယစ်တပ်ဖွဲ့စု(၂၆)ပင်လောင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်းလောင်းမြို့နယ်၊ ပင်လောင်း-ညောင်ရွှေသွား ကားလမ်းမပေါ်တွင် ခွန်ပန်းစိန် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,ဝ၀ဝ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ကိုရဲ