နေပြည်တော်  ၁၅  ဇွန်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ (၁၆)မိုင် စစ်ဆေးရေးဂိတ်၌ ဒီတိုနေတာများနှင့် မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။

 

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ပုသိမ်ကြီးမြို့နယ်ရှိ ၁၆ မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက် လျက်ရှိသော ပူးပေါင်းအဖွဲ့က ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ဇွန် ၁၃ ရက် နံနက် ၅ နာရီခွဲခန့်တွင် ပြင်ဦးလွင်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ထက်နိုင်ဦး မောင်းနှင်ပြီး ယာဉ်ပိုင်ရှင် ကျော်ကျော်ဌေး၊ ၎င်း၏ဇနီး အေးအေးနွယ်၊ ယာဉ်နောက်လိုက် ဇင်မင်းဦးတို့ လိုက်ပါလာသည့် ‘ထက်ဦး’ ယာဉ်လိုင်းမှ မော်တော်ယာဉ် အမှတ်၊ MDY/------ အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် လျှပ်စစ် စနက်တံကြိုးအချောင်း ၂၁ဝဝ ပါ ပီနံအိတ် ၁၄ အိတ်(၂၉၄ဝဝ)နှင့် လျှပ်စစ်ဒီတိုနေတာအချောင်း ၆ဝဝဝ အားလည်းကောင်း၊ နံနက် ၈ နာရီခွဲခန့်တွင် ထွန်းမင်းလတ် မောင်းနှင်၍ ငြိမ်းချမ်းအောင် လိုက်ပါလာသည့် ယာဉ်အမှတ်၊ NPW/---- ပေါ်မှ အရှည် ၁၃ ပေခန့်ရှိ မီးရှို့ဒီတိုနေတာ အချောင်း ၉၇ဝဝ ၊ လျှပ်စစ် ဒီတိုနေတာ အချောင်း  ၁၅ဝဝဝ ၊ ယမ်းပျော့ ၄၅ဝ၃ဝ ဂရမ်၊ 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၁၄ ပြား အားလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းချက်အရ အထက်ပါပစ္စည်းများနှင့် ပတ်သက်ဆက်နွယ်သူဖြစ်သည့် စိုးမင်းကြည်ကို ပြည်ကြီးတံခွန်မြို့နယ်၊ မြစ်ငယ်-ထုံးဘိုလမ်းဆုံ၌ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း။

 

ဆက်စပ်သတင်းများအရ ပြင်ဦးလွင်-မန္တလေး ကားလမ်း ၂၂ မိုင်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက နံနက် ၁၁ နာရီခွဲခန့် တွင် စောင့်ဆိုင်းနေစဉ် ပြင်ဦးလွင်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ ဘိုဘိုနိုင် မောင်းနှင်၍ နေဝင်းထွန်းနှင့် ထွန်းထွန်းမင်း တို့လိုက်ပါလာသည့် ‘ထက်ဦး ယာဉ်လိုင်းမှ ယာဉ်အမှတ်၊ YGN81/----EXPRESS ယာဉ်အား စစ်ဆေးရာ ၂၁ မိုင် ၄ ဖာလုံနေရာ၌ ဒီတိုနေတာများ ထည့်ထားသည့် ပီနံအိတ် ၂ဝ အား ချထားခဲ့ကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေရာ ၎င်းနေရာ၌ ပီနံအိတ် ၂ဝ  အတွင်းမှ ယမ်းပျော့ ၂၈၅ ဂရမ်ပါ အချောင်း ၃၁၄ဝ   နှင့် မီးရှို့ဒီတိုနေတာ အချောင်း ၁၈ဝ  တို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း။

 

ဆက်လက်စစ်ဆေးချက်အရ ပစ္စည်းများပို့ဆောင်ရမည့် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်ရှိ ဦးဘအောင်၏ နေအိမ်အား သွားရောက်ရှာဖွေစစ်ဆေးရာ ဦးဘအောင်အား တွေ့ရှိခြင်းမရှိဘဲ ၎င်း၏သားဖြစ်သူ ရဲရင့်အောင် အားအိပ်ယာဘေးရှိ ဘီစကစ်မုန့်ဘူးအတွင်းမှ ဆေးခြောက် ၂၅ ဂရမ်ခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။

 

အဆိုပါ မော်တော်ယာဉ်များ၊ ဒီတိုနေတာများ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား မဟာအောင် မြေမြို့နယ်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း ဖော်ပြထားသည်။

သတင်းစဉ်