ပုသိမ်ကြီး ၃၁ ဒီဇင်ဘာ

ပုဂံခေတ်မှသည် ခေတ်အဆက်ဆက် စပါးကျီဟု တင်စားခေါ်ဝေါ်ခဲ့သော မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် မိုးစပါးများ လှိုင်လှိုင်ပေါ်လျက်ရှိရာ စပါးအထွက်နှုန်းကောင်းမွန်မှုကြောင့် စပါးစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

2660

 

“ကျွန်တော်တို့ဒေသမှာ မိုးစပါးတွေ လှိုင်လှိုင်ရိတ်သိမ်းနေပါပြီ၊ ဒီဒေသမှာ မိုးစပါးဆိုရင် အများဆုံးစိုက်တာ မဂျမ်းတောပဲ၊ အရှေ့တော မဂျမ်းတောက နာမည်လည်းကြီးတယ်၊ စားလို့လည်းကောင်းတယ်၊ ဈေးကောင်းလည်းရတယ်၊ ထွက်နှုန်းကတော့ တစ်ဧကကို စိုက်ရင် ပုံမှန်တင်း(၇၅/၈၀)လောက်ပဲ ထွက်တယ်၊ ခုချိန်မှာ မဂျမ်းတောစပါးက တင်းတစ်ရာကို ရှစ်သိန်း၊ ရှစ်သိန်းခွဲ ဈေးပေါက်ပါတယ်၊ အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းအနည်းငယ်တော့ ကွာခြားပါတယ်၊ စပါးဈေးနဲ့ အထွက်နှုန်းကောင်းတော့ အဆင်တော့ပြေပါတယ်’’ဟု ပုသိမ်ကြီးမြို့နယ်၊ ရွာရှည်ကျေးရွာမှ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။

“မဂျမ်းတောစပါးက သက်ကြီးစပါးဆိုတော့ ဝါခေါင်လလောက်ကတည်းက စစိုက်တာ နတ်တော်လပြည့်ကျော်လောက်မှာ စပေါ်တယ်၊ ပျိုးထောင်တာတို့၊ ကောက်စိုက်တာတို့၊ မြေဩဇာကျွေးတာတို့လည်း ပြုလုပ်ပေးရတယ်၊ ရိတ်သိမ်းချိန်မှာတော့ စက်နဲ့ရိတ်တာရှိသလို၊ လက်နဲ့ရိတ်တာလည်းရှိတယ်၊ စက်နဲ့ရိတ်တာက  စက်ငှားရမ်းခ တစ်ဧကကို ခြောက်သောင်းပေးရပြီး အချိန်ကုန်သက်သာသလို လူလည်းသက်သာတယ်၊ လူနဲ့ရိတ်တာကတော့ ကောက်ရိတ်ခ၊ စပါးရိုက်(ခြွေ)ခ၊ သယ်ယူခနဲ့ တစ်ဧကကို ငွေကျပ် တစ်သိန်းနီးပါးလောက် ကုန်ကျတယ်၊ ဒါပေမယ့် စက်နဲ့ရိတ်တာက ကောက်ရိုး(နွားစာ) မရတော့ဘူး၊ လူနဲ့ရိတ်တာက ကောက်ရိုး(နွားစာ) ရတယ်၊ ကောက်ရိုးတစ်ထုံးကို ယာခင်းထဲမှာတင် တစ်ထုံးငွေကျပ် ၅၀ဝ၊ ၆၀ဝ လောက် ဈေးပေါက်တယ်၊ နွားစာလိုအပ်တဲ့ တောင်သူတွေအတွက်တော့ လူအားနဲ့ရိတ်သိမ်းတာက ပိုပြီးတော့ အဆင်ပြေတယ်၊ စက်နဲ့ရိတ်သိမ်းရင်တော့ ကောက်ရိုးထုံး မရတော့ဘူးပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။ 

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် မိုးစပါးစိုက်ဧက ၂၄၅၆၃ ဧကရှိကြောင်းသိရပြီး ဆည်တော်ကြီး၊ ဆည်တော်လေး ဆည်ရေသောက်စနစ်ဖြင့် ဆန်စပါးကို အဓိကအားထားစိုက်ပျိုးကာ မိုးစပါးများ လှိုင်လှိုင်ပေါ်လျက်ရှိပြီး တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)