နေပြည်တော်၊ ဩဂုတ် ၂၉

 

အကောက်ခွန်ဦးစီးဌာနမှ အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၂၆ ရက် ည ၇ နာရီတွင် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာအနီးရှိ ထုံးဘို - မြစ်ငယ်သွားကားလမ်း၊ မိုင်တိုင် အမှတ် (၆/၄) တွင် မင်းမင်းကို (ခ) မင်းကိုနိုင် မောင်းနှင်လာသည့် Nissan အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ငွေကျပ် ၂,၇၄၄ သိန်းတန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း (တော်လူအင်း) ၁၉,၆၀၀ လီတာ ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ဩဂုတ် ၂၈ ရက် မွန်းလွဲ ၃ နာရီခွဲတွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ KTV ဆိုင်၊ အခန်းအမှတ် (VIP-1) သို့ ဝင်ရောက်ရှာဖွေရာ စိုင်းဆမ်၊ စိုင်းအောင်ဟိန်း၊ စိုင်းပွန်းတစ်နှင့် မနန်းရှဲန်နေတို့ကို တွေ့ရှိရပြီး ၎င်းတို့ထိုင်နေသည့် စားပွဲခုံပေါ်ရှိ စက္ကူဂျပ်ဖာအတွင်းမှ အက်တက်စီဆေးပြား ၄၈၅ ပြား၊ စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသောအမှုန့် (Happy Water) သုည ဒသမ ၄၂၅ ကီလိုနှင့် ဆိုင်ရှေ့ ကားပါကင်တွင် ရပ်တန့်ထားသည့် ၎င်းတို့ပိုင်မော်တော်ဆိုင်ကယ် နှစ်စီးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား