ပုသိမ် ၂၂ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ TRI STAR စာအုပ် အငှားပရဟိတအဖွဲ့၏ သုံးနှစ်မြောက်ခရီး စာပေ လှုပ်ရှားမှုအဖြစ် အသံထွက်စာအုပ်ဖတ်ပြိုင်ပွဲများကို ပြုလုပ်ပေးလျှက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက မဟာဗောဓိလမ်း၊အ.ထ.က (၄)ကျောင်းရှေ့ရှိပညာရောင်ခြည် စာသင်ဝိုင်း နှင့် ဘော်ဒါ တွင် ပြုလုပ်ခဲ့သည် ။
အသံထွက်စာအုပ်ဖတ်ပြိုင်ပွဲတွင် ဆရာမောင်သာချို၏ ဆောင်းပါး များထဲမှ ကောင်းနိုးရာရာ ဆောင်းပါးများကို ဖတ်ကြားခိုင်းခြင်းဖြစ်ကြောင်း၊ဆရာမောင်သာချို၏ ယာခရိုးတွင် ရွှေချိုးကူပါတော့ ဆောင်းပါးပေါင်းချုပ်မှ " အကြွခေတ်ပျက်သုဉ်းခြင်း " ဆောင်းပါးအား မငုဝါလွင်မှလည်းကောင်း ၊ ကွေ့ကောက်တဲ့လမ်းများ နဲ့ဖြောင့်တန်းတဲ့ခြေရာ ဆောင်းပါပေါင်းချုပ် မှ" လမ်းပေါ်က လူငယ်တွေကို အလေးပြု " ဆောင်းပါးအား မနှင်းစန္ဒီလွင် မှလည်းကောင်း၊ ယုန်မွေးမလား ကျားမွေးမလား ဆောင်းပါး ပေါင်းချုပ် မှ" မြင်းမိုရ် တောင်ရိပ် ၌ တမှေးအိပ်ခြင်း " အားကျောင်းသား မောင်အေးချမ်းမောင် မှလည်းကောင်း ၊ခင်ပွန်းသည် တစ်ယောက်၏ မှတ်စုများ ဆောင်းပါးပေါင်းချုပ် မှ " ရုပ်လည်းမြင် အသံလည်းကြားရတဲ့ ဒုက္ခ " အား ကျောင်းသူ မသစ်သစ် မိုးဇော်မှ လည်းကောင်း ၊ စောင်းကြိုးပေါ်မှ ကြယ်ရောင်တွေနိုးပြန်တော့ ဆောင်းပါးပေါင်းချုပ်မှ " ခြံစည်း ရိုးတွေနဲ့ကမ္ဘာ " အား ကျောင်းသား မောင်ဇင်ပိုင်စိုးက လည်းကောင်း အသီးသီး ဖတ်ကြားယှဉ်ပြိုင်ခဲ့ကြသည်။
TRI STAR အဖွဲ့အနေဖြင့် ပြိုင်ပွဲများအား စာဖတ်ဝါသနာပါ၍ လက်ခံ ပြုလုပ်ပေးနိုင်သော ကျောင်း၊ရုံး၊ဘော်ဒါ၊ရပ်ကွက် မည်သည့်နေရာတွင် မဆို လိုက်လံပြုလုပ်ပေးလျှက် ရှိကြောင်းနှင့် ယင်းပြိုင်ပွဲများ မှ အနိုင်ရရှိသူများအား TRI STAR (၃) နှစ်ပြည့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ တွင်ကျင်းပ ပြုလုပ်မည့် အသံထွက်စာအုပ်ဖတ်ပြိုင်ပွဲ သို့ ပါဝင် ယှဉ်ပြိုင်ကြရမည် ဖြစ်ကြောင်းသိရသည် ။
လူငယ်လူရွယ်များ စာဖတ်ရှိန် မြင့်တက်လာစေရန် ၊ စာအုပ်စာပေများမှတစ်ဆင့် ပြည်တွင်းပြည်ပ ဗဟုသုတများရရှိကာ အသိဉာဏ် အမြော်အမြင်များ တိုးပွားလာစေရန် ၊ အနာဂတ် မျိုးဆက်သစ်များ စာဖတ်ခြင်းဖြင့် ဗဟုသုတများရရှိကာ မိမိတို့ဘဝကို လှပစွာ ထုဆစ်ပုံဖော် နိုင်ကြစေရန် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း၊ စိတ်ပါဝင်စားသူများအနေဖြင့် ငါးဦးစီ အစုအဖွဲ့များဖွဲ့၍ TRI STAR အဖွဲ့ ဝ၉၉၇၅၈၄၀၉၆၆၊ဝ၉၇၉၄၅၁၀၃၆၆သို့ တစ်လကြိုတင် ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း၊ အသံထွက် စာအုပ်ဖတ်ပြိုင်ပွဲတွင် စာရေးဆရာ ဒေါက်တာစစ်တင်၊ ဆရာဦးဇော်ဝင်း(ပုသိမ်သားဦးဇော်)နှင့် ဦးမျိုးဆွေ(TRI STAR)တို့မှ အကဲဖြတ် အမှတ်ပေးခဲ့ကြပြီး ပညာရောင်ခြည် စာသင်စာဖတ်ဝိုင်းနှင့် ဘော်ဒါမှ အ.ထ.က ၄ ကျောင်းသား၊ ကျောင်းသူလေးများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည် ။
တိုးဝေဇင်(ပုသိမ်)


