ပုသိမ် ၁၉  နိုဝင်ဘာ 

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ သမိုင်းဝင် ရွှေမုဌောစေတီရင်ပြင်တော်၌ (၃၁) ကြိမ်မြောက် တန်ဆောင်တိုင် ဆီမီးထွန်းပွဲနှင့် မသိုးသင်္ကန်းကပ်လှူပွဲကို တန်ဆောင်မုန်း လဆန်း ၁၄ ရက်တွင် ညနေ ၅ နာရီမှ စတင်ကျင်းပမည်ဖြစ်သည်။

 

ယခုနှစ်တွင် နှစ်စဉ် ဘုရားဖူးများ စိတ်ပါဝင်စားသည့် တိုးဝှေ့ကြည့်ရသော မြန်မာ့ရိုးရာ လက်ခတ်ရက်ကန်း ပညာရှင်များ၏ ရက်ကန်းခတ်နည်းပညာ၊ ရက်ကန်းစင်ဖွဲ့စည်း တည်ဆောက်ပုံ နည်းပညာများ ပျောက်ကွယ်လုဖြစ်နေခြင်းကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အတတ်ပညာကို အချိန်ယူလေ့လာနိုင်စေရန် မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲ အကြို (နိုဝင်ဘာ ၁၈ ရက်) တန်ဆောင်မုန်းလဆန်း ၁၁ ရက် မွန်းလွဲပိုင်းမှ စတင်၍ အဆိုပါ စေတီတော်ရင်ပြင်၌ ပြိုင်ပွဲဝင်ကြမည့် ပညာရှင် ၁၀ ဦးက လက်ရက်ကန်းဖြင့် သင်္ကန်းရက်ခတ်ပုံကို ၃ ရက်တိုင်တိုင် ရက်ခတ် ပြသပေးကြမည်ဖြစ်ပါသည်။

 

“တစ်ချိန်က မြန်မာ့လက်ရက်ကန်း မြို့တော်ဖြစ်ခဲ့သည့် ပုသိမ်မှာ တိမ်မြုပ်ပျောက်ကွယ်သွားတာ  ဝမ်းနည်းစရာပါ။ ဒါကိုယခုလို တစ်နှစ်တစ်ခါ ပြန်လည်ပြသပေးမှ  မြန်မာ့လက်ခတ်ရက်ကန်းပညာဟာ နောင်လူငယ်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ မြန်မာ့ယဉ်ကျေးမှု အမွေဖြစ်မှာပါ။ နှစ်စဉ် မသိုးသင်္ကန်းရက်ပြိုင်ပွဲ လုပ်မယ်ဆို ရက်ကန်းခတ်သားဟာ ရှားမှရှားလွန်းပါတယ်ဗျာ။ ယခုပြိုင်ပွဲ အကြိုရက်လုပ်တဲ့ သင်္ကန်းတွေကို အရံစေတီများကို ကပ်လှူပူဇော်မှာ ဖြစ်ပါတယ်” ဟု အသက်(၉၀)ရှိ ရက်ကန်းပညာရှင် ဦးထွန်းသန်းက ရှင်းပြသည်။

 

ပုသိမ်လှကြည်