ပုသိမ် ၂၁ ဇူလိုင်
မြန်မာတစ်နိုင်ငံလုံး ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အခြေခံပညာကျောင်းများ ဖွင့်ရက်ကို နောက်ဆုတ်ထားခဲ့ရာ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် အခြေခံပညာအထက်တန်း Grade-10 စနစ်သစ်အတန်းနှင့် တက္ကသိုလ်ဝင်တန်း စနစ်ဟောင်းအတန်းများကို ယနေ့ ဇူလိုင် ၂၁ ရက်မှစ၍ စတင်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။
ကျောင်းအပ်နှံခြင်းများကို ဇူလိုင် ၁၃ ရက်မှစ၍ အခြေခံပညာအထက်တန်း ကျောင်းအသီးသီးတွင် ကျောင်းအပ်ခြင်းကို လက်ခံဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
အခြေခံပညာကျောင်းများ သတ်မှတ်ရက်များတွင်အချိန်အမီ ဖွင့်လှစ်နိုင်ရေးအတွက် တိုင်းပညာရေးမှူးများက အဖွဲ့များခွဲ၍ ပြီးခဲ့သည့် သီတင်းပတ်အတွင်းတွင် ကျောင်းများ၏ စီစဉ်ဆောင်ရွက်ထားရှိမှုများအား လိုက်လံ စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်ပြီးဖြစ်ကြောင်း သိရသည်။
အခြေခံပညာအထက်တန်းကျောင်းသား ကျောင်းသူများကို ယနေ့မှစ၍ စတင်ဖွင့်လှစ်သင်ကြားမှာဖြစ်ပြီး အလယ်တန်းများ၊ မူလတန်းများကိုလည်းဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်သည်။
ပုသိမ်မြို့တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အထက်တန်းကျောင်း ၂၂ ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) ၁၁ ကျောင်း၊ အလယ်တန်းကျောင်း(၂၀ )၊ အမက (မူလွန်)၂၄ ကျောင်း၊ အမက ၁၉၆ ကျောင်း၊ အမက (ခွဲ) ၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း ၆ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၅ ကျောင်း၊ လေ့ကျင့်ရေး အလက ၁ ကျောင်း စုစုပေါင်း ၃၀၇ ကျောင်းရှိကြောင်း ခရိုင်းပညာရေးမှူးရုံးမှ သိရသည်။
အခြေခံပညာအထက်တန်းများအား ကျောင်းတက်ရောက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ Mask များ တပ်ဆင်ပြီးမှ ကျောင်းအတွင်းဝင်ရောက်ရေး ၊ ကျောင်းအတွင်း ထားရှိသော လက်ဆေးဘေစင်များတွင် လက်ဆေးရန်၊ တစ်ဦးနှင့် တစ်ဦးခြောက်ပေအကွာ နေထိုင်ရေး ၁၀ ယောက်တစ်ဖြတ်စီ ဝင်ရောက်ရေး စသည့် စည်းကမ်းချက်များကို လိုက်နာကြရမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)


