ပုသိမ် မတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ပုသိမ်မြို့ အမှတ်(၃)ရပ်ကွက်ရှိ သန္တိသုခဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့နာယက ဒေါ်ကြည်ကြည်ထွန်းက သင်တန်းတက်ရောက်နေသည့် သားငယ်သမီးငယ်များအနေဖြင့် ယခုယဉ်ကျေးလိမ္မာသင်တန်းမှ ပို့ချသည့် ဗုဒ္ဓဘာသာဆိုင်ရာ ဓမ္မစာပေများကို စနစ်တကျ လေ့လာသင်ယူပြီး အမျိုး ဘာသာ သာသနာ ကြီးပွားတိုးတက်ရေးနှင့် ယဉ်ကျေးသောလူ့ဘောင် အဖွဲ့အစည်းများကို တည်ဆောက်နိုင်ကာ နိုင်ငံနှင့်လူမျိုးအကျိုးကို သယ်ပိုးနိုင်သည့် သားကောင်းရတနာ သမီးကောင်းရတနာများ ဖြစ်လာစေရေးအတွက် ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အခမ်းအနားအပြီးတွင် ဓမ္မစကူးလ်သင်တန်း ဥက္ကဋ္ဌဆရာတော်အား ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ကြည်ကြည်ထွန်း၊ ဥက္ကဋ္ဌ ဒေါ်မိုးသူတင့်နှင့် အဖွဲ့ဝင်များက သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။
သင်ကြားပို့ချ
အဆိုပါ ယဉ်ကျေးလိမ္မာ သင်တန်းသို့ အခြေခံပညာကျောင်းများမှ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူ ၁၀၀ ကျော် တက်ရောက်ကြပြီး ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းမှ သင်တန်းနည်းပြ ဆရာမ ဒေါ်စိုးစိုးသန်း၊ ဒေါ်သီတာဦးနှင့် ဒေါ်ဟေမာန်ဦးတို့က မတ် ၂၉ ရက်မှ ဧပြီ ၃ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


