ပုသိမ် ၂၆ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံသုံးပစ္စည်းများကို တာဝန် ရှိသူများက ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံသုံး ပစ္စည်းများ ဖြစ်သည့် မဲပုံး၊ မဲခြင်း၊ ဆန္ဒပြုခန်း၊ လုံခြုံရေးကြိုး၊ ဗီနိုင်း၊ ဆာလာအိတ် ၄ မျိုး၊ မဲရုံဆိုင်းဘုတ်၊ မဲရုံသုံးပစ်စည်း ၁၃ မျိုး နှင့် လျှပ်စစ်မီး မရရှိသည့် မဲရုံများအတွက် မီးအိမ် စသည့်များကို ကျေးရွာရှိ မဲရုံနယ်မြေအလိုက် တာဝန်ရှိသူများက လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးတွင် မဲရုံနှင့်ပတ်သက်သည်ပစ္စည်းများကို အောက်တိုဘာ ၂၄ ရက်မှ ၂၇ ရက်ထိ ထုတ်ပေးမှာဖြစ်ပြီး မဲရုံများတွင် အသုံးပြုရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများကိုလည်း ထုတ်ပေးမှာဖြစ်ကြောင်း သိရသည်။
ပုသိမ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်/ကျေးရွာ အုပ်စု ၇၈ အုပ်စု၌ မဲရုံမဲပေါင်း (၂၀၀) ဖွင့်လှစ်ထားရှိမှာကြောင်း သိရသည်။
သတင်း/ဓာတ်ပုံမောင်မောင်မြင့် (ပြန်/ဆက်)


