ပုသိမ်၊ ၁၁ ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာလ လူစုလူဝေးမဖြစ်ပေါ်ရေးအတွက် ကြိုတင်ကာကွယ်ရေး၊ ပြည်သူလူထုအတွင်း ပိုမိုသိရှိလိုက်နာနိုင်စေရေး လှည့်လည်နှိုးဆော်ခြင်းလုပ်ငန်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက နေ့စဉ် ရပ်ကွက်များ၊ လူသွားလူလာများသော နေရာများသို့ လိုက်လံအသိပေး နှိုးဆော်ပေးလျက်ရှိသည်။

 

ပုသိမ်မြို့နယ်အတွင်း အများပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ကင်းဝေးစေရေးအတွက် မဖြစ်မနေအိမ်အပြင်သို့သွားလာလျှင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများကို စနစ်တကျအသုံးပြုခြင်း၊ သုံးစွဲပြီး နှာခေါင်းစည်းများကို စနစ်တကျစွန့်ပစ်ခြင်း၊ လက်များကို မကြာခဏ စက္ကန့် ၆၀ ခန့် ဆေးကြောစေခြင်း၊ လူစုလူဝေးရှိသောနေရာများကို သွားလာမှုရှောင်ကြဉ်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပေးခြင်း၊ နေရပ်ပြန်လာသူများ ပြန်လည်ဝင်ရောက်လာပါက တာဝန်ရှိသူများထံသို့ အဆင့်ဆင့်အသိပေး အကြောင်းကြားပေးရန်နှင့် ကန့်သတ်စောင့်ကြည့်ရေး စခန်းများသို့ ဝင်ရောက်ပေးကြရန် စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ်အတွင်း လူသွားလူလာများသော နေရာများ၊ စျေးများနှင့် ရပ်ကွက်များအတွင်းသို့ ပြည်သူများ သိရှိလိုက်နာစေရေး နေ့စဉ်နေ့တိုင်း အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

 

ပုသိမ်မြို့နယ်သည် Stay at Home တွင် ပါဝင်သော မြို့ဖြစ်သည်။

 

သတင်း/ဓာတ်ပုံ မောင်မောင်မြင့် (ပြန်/ဆက် )