ပုသိမ် ဒီဇင်ဘာ ၁၃

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီက ကိုးဆူကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပုသိမ်မြို့နယ် ဦးစီးမှူးရုံးမှ လ.ဝ.ကမှူး ဒေါ်မြမြဝင်းနှင့် ဝန်ထမ်းများသည် ကိုးဆူကျေးရွာအုပ်စုရှိ အသက်(၁၈)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူ စုစုပေါင်း ၁၃၁ ဦးတို့အား  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

 

နိုင်ငံတော်မှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူတိုင်းကိုယ်စီ မှတ်ပုံတင်ကိုင်ဆောင်ခွင့်ရရှိရေး ပန်းခင်းစီမံချက်ဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပုသိမ်မြို့နယ်အတွင်း မှတ်ပုံတင်လုပ်ဆောင်ရန် ကျန်ရှိသူ ၁၁၃၅၇ ဦးအနက် ၁၀ လတာကာလအတွင်း ၇၀၀၀ ကျော် ဆောင်ရွက်ပေးပြီးဖြစ်ရာ ရာခိုင်နှုန်းအားဖြင့် ၆၄ ဒသမ ၂ ရာခိုင်နှုန်း ဆောင်ရွက်ပေးပြီးဖြစ်သည်။ ပုသိမ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ကျန် ၃၅ ဒသမ ၈ ရာခိုင်နှုန်းအား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်အပြီး မှတ်ပုံတင်ရရှိရေး ဆောင်ရွက်ပေးရန် စီမံချက်ရေးဆွဲ၍ အကောင်အထည် ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

 

ပုသိမ်ခရိုင် (ပြန်/ဆက်)