ပုသိမ်၊ ၉ ဒီဇင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ၁၃ ရပ်ကွက်၊ ဆိုင်ခြံလမ်း၊ ဆီဇုံရှိ ဦးကျော်ကျော်ဦး (ခ)ဦးအာဇံ ၏ ပေ(၃၀×၄၀) သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း ဆီသိုလှောင်ရုံတွင် ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆီဘောက်ဆာယာဉ်ပေါ်မှ အောက်တိန်းဆီများကို ဆီပီပါအတွင်းသို့ လှယ်ရာ ဆီထည့်သည့်ဂေါက်တံနှင့် တိုင်ကီနှုတ်ခမ်းရိုက်မိပြီး မီးစထွက်ရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ် ကြောင်း သိရသည်။
မီးလောင်ရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပြည်သူများနှင့် အထောက်အကူပြုယာဉ်၊ မီးငြိမ်းသတ်ယာဉ်၊ ရေသယ်ယာဉ်များစုစုပေါင်း ၁၅ စီးဖြင့်ငြှိမ်းသတ်ကြရာ ညနေ ၆ နာရီ မိနစ် ၄၀ တွင် မီးထိန်းနိုင်ပြီး ည ၇ နာရီ ၁၀ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီလောင်မှုကြောင့် ပေ( ၃၀×၄၀) သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း ဆီသိုလောင်ရုံနှင့် အောက်တိန်း ဆီပီပါ ၄၀ ခန့် မီးလောင်ဆုံးရှုံးခဲ့သည်။
သတင်း/ဓာတ်ပုံ-မောင်မောင်မြင့်(ပြန်/ဆက်)